
အမေရိကန်အစိုးရက စစ်အာဏာရှင်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်လာတဲ့အတွက် နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်လာနိုင်ပါသလဲ၊ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒရေးရာဘယ်လို ဖြစ်လာနိုင်ပါသလဲဆိုတာ မြန်မာ့အရေးလေ့လာသူ တွေက သုံးသပ်ပြောပါတယ်။
အမေရိကန်အစိုးရဟာ စစ်အာဏာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်နေပြီလို့ ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ သတင်းဖော်ပြခဲ့တာပါ။
၃ လကျော်ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား အဒမ်ကတ်စတယ်လိုကို စစ်အာဏာရှင်က ပြန်လွှတ်ပေးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့ နေပြည်တော်ခရီးစဉ်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ ဆွေးနွေးမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက တိုကျိုမြို့မှာ မိုက်ကယ်ဗန့်စ်နဲ့ စစ်အာဏာရှင်အဖွဲ့ဝင်တွေ ကနဦးတွေ့ဆုံမှုရှိ ခဲ့ပြီး ဗန့်စ်ဟာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့လည်း လူကိုယ်တိုင်၊ အွန်လိုင်းတွေ့ ဆုံမှုတွေရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်တွေကို အထီးကျန်အောင် ထားခဲ့တဲ့ မူဝါဒကနေ အမေရိကန်ဘက်က မူဝါဒရေးရာ တစွန်းတစပြောင်းလဲလာတာဖြစ်ပေမဲ့ ဒီတွေ့ဆုံမှုမှာ ဘယ်လိုအချက်တွေကို ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ နှစ်ဖက်စလုံးက အတိအလင်း ထုတ် ပြန်တာမျိုးမရှိသေးပါဘူး။
အမေရိကန်အစိုးရရဲ့ တိုက်ရိုက်ဆွေးနွေးမှု အလှည့်အပြောင်းဟာ အဓိကအားဖြင့် မြန်မာနိုင်ငံကို တရုတ်ရဲ့ သီးသန့်ဩဇာခံနိုင်ငံ မဖြစ်သွားအောင်တားဆီးတဲ့ ဗျူဟာမြောက် တန်ပြန် လှုပ်ရှားမှု ဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
တော်လှန်ရေးအချိန်ကြာလာတာနဲ့အတူ ဒီမိုကရေစီအင်အားစုတွေဘက်က ပွဲပန်းလာတာ၊ တရုတ် အစိုးရက မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင်စွက်ဖက်လာတာတွေက အမေရိကန်အစိုးရကို မူဝါဒရေးရာ မဖြစ်မနေပြောင်းလဲဖို့ တွန်းအားပေးရာရောက်ခဲ့တယ်လို့ ဆိုကြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ ခင်သီရိနန္ဒာစိုးက “အမေရိကန်ရဲ့ဆုံးဖြတ်ချက်က ဝါရှင်တန်အနေနဲ့ နွေဦးတော်လှန်ရေးရဲ့ စံတန်ဖိုးတွေကို စွန့်လိုက်တာမျိုးမဟုတ်ဘူး၊ အမေရိကန်ရဲ့ လမ်းကြောင်း နှစ်သွယ်မဟာဗျူဟာဆိုတာ ရှိတယ်။ Dual Trust Stretegy လို့ခေါ်တယ်။ တဖက်က သံတမန်ရေးအရ ဖိအားပေးမှုတွေနဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားမယ်။ တခြားတဖက်မှာကျတော့လည်း တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို ရှုတ်ချဖို့ အတွက်ကို စစ်ကောင်စီနဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုဖွင့်လှစ်ထားတာမျိုးလည်း သူတို့က လုပ်တာမျိုးဖြစ်တယ်။ အမေရိကန် အကျိုးစီးပွားဆိုင်ရာအချက်အလက်တွေအများကြီးရှိတယ်။ အရေးအကြီးဆုံးတချက်ကတော့ မြေရှားသတ္တုနဲ့ဆိုင်တဲ့ အမေရိကန်ရဲ့မူဝါဒနဲ့ ဒီမူဝါဒဟာ မြန်မာ့တော်လှန်ရေးအပေါ်မှာလာပြီးတော့ သက်ရောက်မှုတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။ ဒီသတ္တုတွေကို အမျိုးသားလုံခြုံရေးဆိုင်ရာဦးစားပေးအဖြစ်နဲ့ သတ်မှတ်ခြင်းအားဖြင့် အမေရိကန်ဟာ ကမ္ဘာလုံးဆိုင်ရာ နည်းပညာထောက်ပံ့ရေးကွင်းဆက်ကို စိတ်ချရဖို့အတွက် သူတို့ရဲ့ ဒီမိုကရေစီစံနှုန်းတွေကို အလျှော့အတင်းလုပ်ပြီးတော့ တရားမဝင်စစ်ကောင်စီနဲ့ လက်တွဲဖို့ ဝန်မလေးကြောင်းကို သူတို့က ပြသလိုက်တာဖြစ်တယ်ပေါ့”လို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအပြီး စက်တင်ဘာ ၁၆ ရက်မှာပဲ အမေရိကန်အစိုးရက ၂၀၂၇ ခုနှစ်အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ကိုလံဘီယာနိုင်ငံတို့ကို အမည်ပျက်စာရင်းသွင်းကြောင်း ဖော်ပြခဲ့ပါတယ်။
အဲ့ဒါအပြင် အစီအရင်ခံစာမှာ မြန်မာနိုင်ငံကို ကမ္ဘာ့အကြီးဆုံး ဘိန်းစိုက်ပျိုးရာနဲ့ ဓာတုမူးယစ်ဆေး အဓိကထွက်ရှိရာ ဒေသတခုဖြစ် ဖော်ပြထားတာပါ။
စက်တင်ဘာ ၂၈ ရက်မှာတော့ မြန်မာအပါအဝင် ကမ္ဘာတဝန်းက အကျပ်အတည်းဖြစ်နေတဲ့ နေရာ ၁၆ ခုကို ကျန်းမာရေးနဲ့ လူသားစာနာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထောက်ပံ့သွားမယ်လို့ အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
လတ်တလောအချက်အလက်တွေအရ အမေရိကန်အစိုးရဟာ စစ်အာဏာရှင်အဖွဲ့နဲ့ထိတွေ့ဖို့ ဗျူဟာတကျချဉ်းကပ်လာဖြစ်ပြီး ဗဟိုလေကြောင်းပိုင်နက်တွေ၊ အဓိကဆိပ်ကမ်းတွေနဲ့ နယ်စပ်ဂိတ် တွေကို လက်တွေ့ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းနဲ့မဆက်ဆံဘဲ အကူအညီတွေကို လိုအပ်တဲ့ ပြည်သူတွေဆီကို ပေးပို့ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ တွေးတောချက်လည်း ရှိနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
လော့စ်အိန်ဂျယ်လိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်း(စ်)ရွှေက “စစ်တပ်ဘက်က ကြွားစရာရှိရင် ထုတ်ကြွားမှာ၊ သူတို့ဆွေးနွေးတဲ့ဥစ္စာက သူတို့ကြွားစရာမရှိလို့ပေါ့နော်၊ အမေရိကန်ဘက်ကတော့ များသောအားဖြင့် သူတို့နှုတ်လုံတယ်။ ရိုက်တာတို့ အေပီတို့က အဲ့ဒါမျိုးတိတိကျကျရေးတာ ကျနော်မတွေ့ဘူး။ တကယ်တမ်းက သတင်းတိတိကျကျမသိရပေမဲ့ အမေရိကန်က ရာထူးကြီးတဲ့လူတွေနဲ့ မင်းအောင်လှိုင်တို့အုပ်စု တွေ့ရတယ်ဆိုတာကို သူတို့က ကြွားပြီးတော့ အမေရိကန်ကပဲသူတို့ကို အသိအမှတ်ပြုသလိုလို ဒါ နိုင်ငံရေးအမြတ်ထုတ်မှာပေါ့လေ။ အခုထက်ထိ ဒါကို သူတို့သိပ်ပြီးတော့ အမြတ်မထုတ်သေးဘူးဆိုတော့ စဉ်းစားစရာတော့ ရှိတာပေါ့လေ။ သူတို့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ် ချဲ့ထွင်ပြောခဲ့တာ မရှိဘူးလေ၊ အဲ့ဒီတော့ ဒရာမာကတော့ ကိုယ့်လူအချင်းချင်းကို သိပ်စိတ်ဓာတ်ကျအောင်လည်း ဇာတ်လမ်းမချဲ့နဲ့၊ မဟုတ်ဘဲနဲ့ သိပ်ပြီးတော့ စိတ်ဓါတ်တက်ကြွအောင်လည်း မလုပ်နဲ့ပေါ့နော်။ အလယ်အလတ် မှန်မှန်ကန်ကန်လုပ်ဆိုပြီးတော့ ပြောနေကြတာတွေ့တယ်လေ”လို့ ပြောပါတယ်။
လတ်တလောအမေရိကန်အစိုးရရဲ့ မြန်မာ့အရေးခြေလှမ်းတွေဟာ သမ္မတထရမ့်ပ်ရဲ့ သဘောထား ခြေလှမ်းအစပျိုးမှုသာဖြစ်ပြီး လွှတ်တော်အမတ်တွေက ဝေဖန်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
နိုဝင်ဘာလမှာပြုလုပ်မဲ့ အမေရိကန်နိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာအ များအပြား အပြောင်းအလဲဖြစ်လာနိုင်ပြီး ဒီမိုကရက်ဘက်က အသာစီးရခဲ့ရင် ထရမ့်ပ်အစိုးရရဲ့ နိုင်ငံတကာမူဝါဒရေးရာတွေဟာ အပြောင်းအလဲ ဒါမှမဟုတ် နှောင့်နှေးမှုတွေကြုံရဦးမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးအပေါ်ချဉ်းကပ်ပုံပြောင်းလဲလာတာဟာ ပြည်တွင်းလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဟာ တခုတည်းအမိန့်ပေးစနစ်အောက်မှာရှိမနေဘဲ စုစည်းဖို့ အချိန်ယူ နေရတာ၊ တိုက်ပွဲတွေကို အနိုင်ယူနိုင်ပေမဲ့ အနိုင်ရလဒ်ကို ရေရှည်ထိန်းသိမ်းတာနဲ့ အုပ်ချုပ်ရေး အစီအမံတွေ ခိုင်မာအားကောင်းတဲ့အခြေအနေမရှိသေးတာ၊ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေဟာ စစ်အာဏာရှင်ကိုတွန်းလှန်ရေးမှာ သဘောတူညီကြပေမဲ့ အနာဂတ်နိုင်ငံရေး၊ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး ဦးတည်ချက်ထပ်တူမကျနိုင်သေးတာတွေနဲ့ လည်း သက်ဆိုင်နေတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။
သုတချမ်းသာ











