
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်က မြို့အဝင်လမ်း ပိတ်ထားခဲ့ပြီးတဲ့နောက် ၂ လအကြာမှာ ပြန်ပွင့်လာပြီဖြစ်ပေမဲ့ မင်းကုန်းကျေးရွာမှာရှိတဲ့ စစ်အာဏာရှင် အထိုင်စခန်းကနေ ခရီးသွား ပြည်သူတွေနဲ့ ယာဉ်တွေကို အရင်ကထက် ပိုမိုတင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁ ရက်ကစလို့ ရွှေဘို အနောက်တောင်ခြမ်း ကျေးရွာတွေဘက်ကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် ဧပြီ ၁၀ ရက်မှာတော့ ရွှေဘို-ဆိပ်ခွန်သွား လမ်းဘေးမှာရှိတဲ့ မင်းကုန်းကျေးရွာ အထိုင်စခန်း စစ်ဆေးရေးဂိတ်ကို စစ်အင်အား ၈၀ ခန့် ထပ်မံတိုးချဲ့ ချထားခဲ့တာပါ။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ မင်းကုန်းရွာနဲ့ အိုးဘိုရွာကြားမှာ ရက်ပေါင်း ၅၈ ရက်ကြာ တပ်ဖြန့် နေရာယူထားခဲ့တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြု သွားလာသူမရှိဘဲ ၂ လနီးပါးကြာ ပြတ်တောက်ခဲ့ရပါတယ်။
အခု ဇွန် ၇ ရက်မှာတော့ အဲဒီတပ်တွေ ပြန်လည်ဆုတ်ခွာသွားတဲ့အတွက် ရွှေဘိုမြို့အဝင်လမ်း ပြန်လည်ပွင့်လာတာ ဖြစ်ပါတယ်။
ခရီးသွားတယောက်က “ဒီလမ်းက မသွားရတာ ၂ လရှိပြီ။ မင်းကုန်းဂိတ်ကလည်း အရင်လူတွေ မဟုတ်တော့ဘူး၊ လူသစ်တွေ ပြောင်းထားတာ။ အရင်ကထက် ပိုစစ်တယ်။ ဆိုင်ကယ်တွေဆိုရင် တွန်းသွားရတာ။ ကားတွေကို အဓိကစစ်တာကတော့ ဘက်ထရီအိုးနဲ့ လျှပ်စစ်ပစ္စည်း၊ ပိုက်၊ သံ၊ အလူမီနီယံ ပစ္စည်းတွေပါ။ အဲဒါတွေ သယ်လို့မရဘူး။ တခြားပစ္စည်းတွေလည်း သယ်ချင်တိုင်း သယ်လို့မရတော့ဘူး။ ထောက်ခံစာ၊ မျှောစာ ပါမှ။ မပါရင် လူဖမ်းမယ်၊ ကားသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပြီး ပစ္စည်းတန်ဖိုးတောင်းတာ။ သယ်မရတဲ့ ပစ္စည်းစာရင်းတွေကိုလည်း ဗီနိုင်းနဲ့ ချိတ်ထားတယ်။ အရင်ကနဲ့မတူဘူး၊ တော်တော်တင်းကျပ်တယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ မင်းကုန်းရွာနဲ့ အိုးဘိုရွာကြားမှာ ၂ လလောက် တပ်ဖြန့် နေရာယူထားစဉ်အတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သံဃာ ၃ ပါး၊ ပျံလွန်ပြီး အရပ်သား အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကလေးငယ် ၂ ယောက် အပါအဝင် ၅၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၇ ရက် မနက်ကစပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့ပေါ်မှာ လမ်းသွားလမ်းလာ လူငယ်တွေနဲ့ အမျိုးသမီးတွေကို အကြောင်းပြချက်မရှိဘဲ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးမှုတွေကို ကားကြီးဝင်းရှေ့၊ ဟုတ်စိန်ကွေ့နဲ့ ဈေးကြီး တောင်ဘက်၊ အနောက်ဘက် လမ်းတွေမှာ အဓိက ပြုလုပ်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်၊ ကားနဲ့ ထော်လာဂျီတွေကို တားဆီးကာ ယာဉ်ပေါ်ပါလာသူတွေကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ကားကြီးဝင်းရှေ့မှာတင် ဆိုင်ကယ်နဲ့လာသူ ၄ ယောက်နဲ့ ထော်လာဂျီပေါ်ကတယောက်၊ ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီထော်လာဂျီဟာ ရွှေဘိုစက်မှုဇုန် ရပ်ကွက်နဲ့ မြို့အပြင်ဘက်က တိရစ္ဆာန်ခြံတွေကို ပဲခွံ ပုံမှန်သွားပို့လေ့ရှိတဲ့ သားအဖ ၂ ယောက်ဖြစ်ပြီး လူငယ်ဖြစ်သူကို သေနတ်နဲ့ချိန်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပေမဲ့ ဖခင်ဖြစ်သူနဲ့ ထော်လာဂျီကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ အိမ်စီးကားတွေ၊ ကုန်တင်ကားတွေနဲ့ အရပ်ဝတ်တွေ ဝတ်ဆင်ကာ ကားကြီးဝင်းရှေ့၊ ဟုတ်စိန်ကွေ့၊ ဆုတောင်းပြည့်ဘုရားရှေ့၊ ဈေးကြီးအနီးနဲ့ ကားဂိတ်တွေ၊ လမ်းလေးခွ မီးပွိုင့်၊ ရန်ကြီးအောင်ခန်းမရှေ့ လမ်းနဲ့ စက်မှုဇုန်အဝင် သက္ကယ်တန်းတံတား စတဲ့ နေရာတွေမှာ စောင့်ဆိုင်းပြီး အလုပ်သွား အလုပ်ပြန် လူငယ်တွေကို နေ့စဉ်နီးပါး ပေါ်တာဆွဲ ဖမ်းဆီးနေတာလို့ မြို့ခံတယောက်က ပြောပါတယ်။
ဇွန် ၂ ရက်ကလည်း ရွှေဘိုမြို့အဝင် တောင်မုခ် စစ်ဆေးရေးဂိတ်မှာ ဆိုလာပြား ဝယ်လာသူ တယောက်ကို သယ်ယူခွင့်မရှိဘူးဆိုပြီး ခြိမ်းခြောက် ရိုက်နှက်ကာ ဆိုလာပြား၊ အင်ဗာတာနဲ့ ဘက်ထရီအိုးတွေကို လုယူသွားခဲ့ပါတယ်။
လက်ရှိမှာတော့ ရွှေဘိုမြို့တွင်း နေရာအတော်များများမှာ နေ့စဉ်ဆိုသလို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေသလို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရသူတွေဟာလည်း ဒီကနေ့အချိန်အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘူးလို့ ပေါ်တာဆွဲခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။










