
တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နမ့်ခမ်းနဲ့ မိုင်းလုံမြို့နယ်တို့မှာ မိုးကြီးပြီး ရေလျှံတာကြောင့် စိုက်ပျိုးသီးနှံတွေနဲ့ လမ်းတွေပျက်စီးသွားတယ်လို့ TNLA ဆီက သိရပါတယ်။
မိုးများပြီး ချောင်းရေမြင့်တက်လာတာကြောင့် လယ်ယာနဲ့ ပြောင်းဖူးခြံတွေ ရေလွှမ်းမိုးခံရပြီး နမ္မတူနဲ့ မိုင်းဘော်ကို ဆက်သွယ်ထားတဲ့ နမ့်ရီးတံတားလည်း ရေနစ်မြုပ်သွားသလို နမ္မတူ-မန်တုံမြို့ကို သွားတဲ့လမ်း၊ မန်တုံ-မိုးမိတ်မြို့ လမ်းလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
TNLA ဘက်က နမ့်ခမ်းမှာရှိနေတဲ့ ရဲဘော်တယောက်က “စပါးခင်း အဓိကပေါ့။ စပါးနဲ့ ပြောင်း၊ ကြံတွေ အဓိကစိုက်ကြတာ ရေမြုပ်သွားတယ်။ လမ်းတွေကိုတော့ ပြန်လည်ပြုပြင်နေပြီ။ စာရင်းမကောက်ရသေးလို့ လယ်ဘယ်နှဧကဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
အဲဒီအပြင် နမ့်ခမ်းမြို့နယ်မှာလည်း ရွှေလီမြစ်ရေ မြင့်တက်တာကြောင့် ဖရဲသီးခြံ၊ ကြံခင်းနဲ့ အခြားသီးနှံတွေ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
မိုးများပြီး ချောင်းရေလျှံတာကြောင့် မြေပြိုအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ဒေသခံတွေ မြေပြိုမှု ဖြစ်ပွားနိုင်တဲ့နေရာနဲ့ ရေကြီးရေလျှံ ဖြစ်ပွားနိုင်တဲ့ နေရာတွေကို မသွားကြဖို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။










