
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ငါးတန်ပြင်ရွာမှာ ဘုန်းတော်ကြီးကျောင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့လို့ ရွာသားတချို့ကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန( ဒီလပ်)က ယာယီထိန်းသိမ်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအငြင်းပွားမှုဟာ ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်အဖြစ် သီတင်းသုံးနေထိုင်တာ၊ ကျောင်းပိုင်မြေကို အသုံးပြုတာနဲ့ ကျောင်းဝင်းအတွင်း လုပ်ဆောင်မှုတွေကနေ စတင်ဖြစ်ပွားခဲ့တာလို့ မင်းပြားဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ငါးတန်ပြင်ရွာက ရွာသား ၁၅ ယောက်က သံဃာ့အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေ တရားဝင်စာရွက်စာတမ်း အထောက်အထားမရှိဘဲ ဘုန်းတော်ကြီးတပါးကို ကျောင်းထိုင်အဖြစ် သီတင်းသုံး နေထိုင်စေခဲ့တာကနေ စတာ။ ပြီးတော့ အဲဒီဘုန်းကြီးကျောင်းဝင်းကို ခြံစည်းရိုးခတ်တယ်၊ ၂ ခြမ်းခွဲတယ်။ အဲဒါကနေ ရွာသားတွေ အငြင်းပွားမှု စဖြစ်တာ။”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၁၈ ရက်မှာ တဖက်က ကျေးရွာသားတွေက မကျေနပ်လို့ ဒီလပ်ထံ အမှုဖွင့်ခဲ့ပြီး ဇူလိုင် ၂၁ ရက်မှာ ဒီလပ်အဖွဲ့က ဒီအမှုနဲ့ပတ်သက်သူတွေကို တွေ့ဆုံမေးမြန်းဖို့ သွားရောက်ခေါ်ယူခဲ့ပါတယ်။
ဒီအချိန်မှာ ရွာသား ၄၀ ကျော်က ဒီလပ်အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကန့်ကွက်တားဆီးတာ၊ ဆဲဆိုတာတွေအပြင် ဝတ္တရားနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်လို့ ဒီလပ် တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ရွာသားတွေကို စစ်ဆေးဖို့ ရွာကို သွားတဲ့အချိန်မှာ ရွာသား ၄၁ ယောက်က ကျနော်တို့တွေကို ဆဲတာတွေ၊ ကန့်ကွက်တာတွေလုပ်လို့ သူတို့ ၄၁ ယောက်ကို ယာယီထိန်းသိမ်းခဲ့တယ်။”
ရွာသား ၄၁ ယောက်ကို အခြေအနေတွေ ရှင်းပြပြီး ရပ်ရွာအေးချမ်းရေးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်အောင် တရက်ကြာ ထိန်းသိမ်းပြီးနောက် ဇူလိုင် ၂၂ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ငါးတန်ပြင်ရွာသားတွေက ပြောပါတယ်။
လက်ရှိမှာတော့ ဒီအမှုပါရွာသား ၁၅ ယောက်ထဲက တချို့ကို ဒီလပ်ဘက်က ဆက်လက်စစ်ဆေးနေပြီး ကျန်ရှိနေတဲ့ ဥပဒေလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဲဒီ ၁၅ ယောက်ကတော့ ကျောင်းဝင်းမြေကို ခြံစည်းရိုးခတ်ပြီး ၂ ခြမ်းခွဲတာ၊ စေတီတော်ကို ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင်ထားတဲ့ငြမ်းကို ဖြိုဖျက်တာတွေကနေ ရွာသူရွာသားတွေအကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။











