
ထိုင်ဝမ်စစ်တပ်ဟာ ယူကရိန်းစစ်မြေပြင်မှာ ထိရောက်မှုရှိကြောင်း သက်သေပြထားတဲ့ အမေရိကန်ထုတ် ဟိုင်းမားစ် (HIMARS) ဒုံးပျံစနစ်အသစ်ကို ဇွန် ၁၀ ရက်မှာ ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
ဒါဟာ ကျူးကျော်ဝင်ရောက်လာမဲ့ တရုတ်စစ်တပ်ကို တိုက်ခိုက်တဲ့ ပုံစံတူ စစ်ရေးလေ့ကျင့်မှု ဖြစ်ပြီး ရန်သူရဲ့ တန်ပြန်တိုက်ခိုက်မှုကို ရှောင်ကွင်းပြီး စစ်မြေပြင်မှာ ရေရှည်ရှင်သန်နိုင်မဲ့ (shoot-and-scoot) "ပစ်ခတ်ပြီး ချက်ချင်းနေရာရွှေ့ပြောင်းတဲ့" စွမ်းရည်ကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။
လော့ခ်ဟိဒ်မာတင် ကုမ္ပဏီထုတ် အဆင့်မြင့် ဟိုင်းမားစ် ဒုံးပျံစနစ်ကို ထိုင်ဝမ်အနေနဲ့ မနှစ်က အရှေ့ဘက် ကမ်းရိုးတန်းမှာ ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပြီး အခုတကြိမ်မှာတော့ ဘယ်လိုကျူးကျော်မှုမဆို ဖြစ်ပွားလာရင် တရုတ်စစ်တပ်က ဆင်းသက်ဖို့ ကြိုးပမ်းမဲ့ အလားအလာအရှိဆုံး နေရာဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတဲ့ ထိုင်ဝမ်အလယ်ပိုင်း ထိုက်ချုံးမြို့က အနောက်ဘက်ကမ်းရိုးတန်းကနေ ပထမဆုံးအကြိမ် ပစ်ခတ်ခဲ့တာပါ။
အမြောက်တပ်ခွဲမှူး ကိုမင်းပင်က “ဒါဟာ ဒါကျားမြစ်ရဲ့ တောင်ဘက်နဲ့ မြောက်ဘက် ကမ်းပါး နှစ်ဖက်စလုံးကနေ ပထမဆုံးအကြိမ် ကျည်အစစ်နဲ့ ပစ်ခတ်မှု လုပ်ခဲ့တာဖြစ်ပြီး စစ်သည်တွေအနေနဲ့ အမိန့်ရရချင်း သတ်မှတ်နေရာတွေ ကို အမြန်ဆုံးရွှေ့ပြောင်းပြီး စံလုပ်ထုံးလုပ်နည်းတွေအတိုင်း လေ့ကျင့်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ထိုင်ဝမ်အစိုးရဟာ စစ်တပ်ကို ခေတ်မီအောင် ပြင်ဆင်နေပြီး ပိုမိုမြန်ဆန်သွက်လက်တဲ့ လက်နက်သစ်တွေ ဖြည့်တင်းနေသလို စစ်ရေးလေ့ကျင့်မှုတွေကိုလည်း ပုံသေမလုပ်ဘဲ တကယ့်စစ်မြေပြင် အခြေအနေအတိုင်း ဖြစ်အောင် လေ့ကျင့်ပေးနေတာပါ။
ကီလိုမီတာ ၃၀၀ အထိ ပစ်ခတ်နိုင်တဲ့ ဟိုင်းမားစ်စနစ်ကို ထိုင်ဝမ်ကိုယ်တိုင်ထုတ် သန်ဒါဘော့လ်ထ် တူးသောင်ဇင် ဒုံးပစ်စင်တွေနဲ့ တွဲဖက်ပြီး တရုတ်စစ်တပ် ဆိပ်ကမ်းကထွက်ချိန် ဒါမှမဟုတ် ကုန်းတက်ဖို့ ကြိုးစားချိန်မှာ ကြိုတင်ပိတ်ဆို့ တိုက်ခိုက်မှာ ဖြစ်ပါတယ်။
ဇွန် ၉ ရက် ပထမဆုံးနေ့ စစ်ရေးလေ့ကျင့်မှုမှာ သန်ဒါဘော့လ်ထ် ဒုံးပျံတွေကို ပစ်ခတ်ခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို မိမိပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံဟာ ကျွန်းကို အင်အားသုံး သိမ်းပိုက်မဲ့အရေးကို ဘယ်တုန်းကမှ စွန့်လွှတ်ခဲ့ခြင်းမရှိဘဲ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ နေ့စဉ်ရက်ဆက်နီးပါး လှုပ်ရှားနေပါတယ်။
Source: Reuters










