
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အီရန် လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းရာမှာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ရင် သူတို့နိုင်ငံတွေက လေဆိပ်တွေ လုပ်ငန်းလည်ပတ်နိုင်စွမ်းမရှိအောင် အီရန်ဘက်က လုပ်သွားမယ်လို့ အီရန်နိုင်ငံရဲ့ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဆန်ရာဇေးအီက စက်တင်ဘာ ၂၃ ရက်မှာ နိုင်ငံပိုင်ရုပ်သံနဲ့ အင်တာဗျူးအတွင်း ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့အကြား စစ်ဖြစ်နေတာ ၇ လလောက် ရှိပြီဖြစ်ပြီး လေကြောင်းဝန်ဆောင်မှုပေးသူတွေအပေါ် ဒုတိယအဆင့် ပိတ်ဆို့အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အီရန်လေကြောင်းလိုင်းအားလုံးဟာ စက်တင်ဘာ ၂၃ ရက်မှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ရမဲ့ အခြေအနေ ရှိနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘက်ဆန့်က စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
အီရန်ရဲ့ သတ်မှတ်ချက်တွေ မပြည့်မီရင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်သလို ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လုပ်မှာ မဟုတ်ဘူးလို့လည်း ရာဇေးအီက ပြောပါတယ်။
ဖေဖော်ဝါရီလမှာ ထရမ့်ပ်က အစ္စရေးနဲ့ပေါင်းပြီး “Operation Epic Fury” နာမည်နဲ့ စတဲ့ ဒီစစ်ပွဲဟာ ၇ လနီးပါး ကြာမြင့်ခဲ့ပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အထောက်အပံ့တွေကို ထိခိုက်စေခဲ့သလို ဒေသတွင်းက တခြားနိုင်ငံတွေ၊ အထူးသဖြင့် လက်ဘနွန်နဲ့ မကြာသေးမီက ယီမင်နိုင်ငံတို့အထိပါ ပျံ့နှံ့ ရောက်ရှိလာခဲ့ပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမဲ့ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကာလ ဝန်းကျင်မှာ စစ်ပွဲ ပြီးဆုံးသွားနိုင်တယ်ဆိုတဲ့ အရင်အပြောကို ထရမ့်ပ်က ထပ်ပြောပေမဲ့ ဘာကြောင့် အဲဒီလို ဖြစ်နိုင်တာလဲ ဆိုတာကိုတော့ သူက ရှင်းမပြခဲ့ပါဘူး။
ဇွန်လမှာ ထရမ့်ပ်နဲ့ အီရန်သမ္မတ ပေဇက်ရှ်ကီယံတို့ လက်မှတ်ထိုးခဲ့တဲ့ ကြားဖြတ်သဘောတူညီချက်အရ အီရန်ရဲ့ အဓိကတောင်းဆိုချက်တွေဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေးနဲ့ ထိန်းသိမ်းထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်ရရေးတို့ကို နျူကလီးယားအစီအစဉ် ကန့်သတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေနဲ့ လဲလှယ်ရရှိနိုင်မှာပါ။
ဒါပေမဲ့ စစ်မဖြစ်မီက ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှုရဲ့ ငါးပုံတပုံလောက် ဖြတ်သန်းရာလမ်းကြောင်း ဖြစ်ခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေလို့ သဘောတူညီချက်က သီတင်းပတ်အနည်းငယ် အတွင်း ပျက်ပြယ်သွားခဲ့ပါတယ်။
အီရန်အနေနဲ့ ရေလက်ကြားကိုသုံးတဲ့ သင်္ဘောတွေကို ထိန်းချုပ်ချင်ပြီး အခကြေးငွေ ကောက်ခံချင်ပေမဲ့ အမေရိကန်အစိုးရက လက်မခံထားပါဘူး။
Source: Reuters











