
မြန်မာ့လက်ရွေးစင် ရန်ကုန်ယူနိုက်တက်ကစားသမား မောင်မောင်လွင်အပေါ် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်ရုပ်သိမ်းပေးလိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က မေ ၁၉ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မတ် ၁၀ ရက်က သန်လျင်သီဟဒီပကွင်းမှာ ရတနာပုံအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက် ကစားသမား မောင်မောင်လွင်က အမျိုးသမီးပရိသတ်တယောက်ကို ပွဲကြည့် စင်ပေါ်တက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပွဲပယ် ပြစ်ဒဏ် ၆ လချမှတ်ထားတာဖြစ်ပါတယ်။
ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ ကစားသမား မောင်မောင်လွင်ဘက်က ပြန်လည်တောင်းပန် အသနာခံ အယူခံဝင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်စိစစ်ပြီး ပြစ်ဒဏ်လျှော့ပေါ့ သက်ညှာတဲ့ ဆုံးဖြတ်ချက်ကို မေ ၁၅ ရက်မှာ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်လိုက်တာပါ။
ဆုံးဖြတ်ချက်အရ မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့်ပြုလိုက်သလို၊ မြန်မာနေရှင်နယ်လိဂ်ပွဲတွေမှာ ၆ လ ကွင်းပိတ်ပြစ်ဒဏ်ကို ဇွန် ၁ ရက်မှ စတင်ကာ ကင်းလွတ်ခွင့်ပြု (ရုပ်သိမ်း) ပေးလိုက်ပါတယ်။
ဒါပေမဲ့ အလားတူ ဖြစ်စဉ်မျိုး နောက်ထပ်တကြိမ် ထပ်မံကျူးလွန်ရင် အခုထက် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူခံရမယ်လို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
မောင်မောင်လွင်ဟာ အသက် ၁၉ နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်ပြီး မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲတွေ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ကြိုးစား အားထုတ်ခဲ့တာ၊ လက်ရွေးစင်အသင်းခေါ်ယူမှုတွေမှာ ပျက်ကွက်ခြင်းမရှိတာ၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာပွဲပေါင်း ၇၆ ပွဲ ပါဝင်ကစားပေးခဲ့တာ၊ လက်ရှိ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားတာ၊ အမှားကိုသိရှိပြီး တောင်းပန်ခဲ့တာတွေ ကြောင့် ပြစ်ဒဏ် ရုပ်သိမ်းပေးလိုက်တာလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသမီးပရိတ်သတ်တယောက်ကို မောင်မောင်လွင်ရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုနဲ့ပတ်သက်လို့ ဘောလုံးပရိတ်သတ်တွေကြား ပြင်းထန်တဲ့ဝေဖန်မှုတွေ ရှိခဲ့သလို ကစားသမားနာမည်တပ်ကာ ဝေဖန်ပုတ်ခတ် အော်ဟစ်ဆဲဆိုနေခဲ့တဲ့ အမျိုးသမီးအပေါ်မှာလည်း ပွဲကြည့်ခွင့်တားမြစ်ပြီး အရေးယူတာရှိပါတယ်။










