Homeမြန်မာသတင်း ဦးကျော်မိုးထွန်း UN တွင် တာဝန်ဆက်ယူနိုင်ရေးကမ်ပိန်းအတွက် ခေါင်းစဉ်ရွေးချယ်
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ရာထူးတာဝန်ဆက်ထိန်းထားနိုင်ရေး ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းတွေအတွက် ခေါင်းစဉ်ကို ဒေသစံတော်ချိန် ဇူလိုင် ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ပြည်နယ် ၅၀ က မြန်မာ့အရေးဆောင်ရွက်သူတွေ အစည်းအဝေးမှာ ရွေးချယ်ခဲ့ကြပါတယ်။
ဒီနှစ်မှာ “Retain Our U.N. Ambassador, H.E. U Kyaw Moe Tun for Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ်ပိန်းတွေ ဖော်ဆောင်သွားမှာဖြစ်ပြီး ဩဂုတ် ၁ ရက်နေ့ Global Meeting မှာ ထပ်မံအတည်ပြုသွားမှာ ဖြစ်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ၅ နှစ်ကျော် ၆ နှစ်နီးပါးကြာလာချိန်အထိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေးအတွက် နိုင်ငံတကာရောက် မြန်မာတွေက ကမ်ပိန်းတွေ နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး စစ်အာဏာရှင်ကို အသာစီးယူထားဆဲဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “သံအမတ်ကြီးဦးကျော်မိုးထွန်း ကမ္ဘာ့ကုလသမဂ္ဂမှာ ပြည်သူ့အတွက် တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် တောင်းဆိုသွားဖို့ပေါ့။ “Retain Our U.N. Ambassador, H.E. U Kyaw Moe Tun for Myanmar” ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျမတို့တွေ ဆက်လက်ပြီးတော့မှ ကမ်ပိန်းလုပ်ငန်းတွေကို အခုအချိန်ကစပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ဒီ Title ကိုလည်းပဲ ဩဂုတ် ၁ ရက်နေ့မှာ ကျမတို့ဆက်ပြီး လုပ်သွားမယ့် Global Meeting မှာ တင်ပြသွားမှာဖြစ်ပါတယ်။ ပြည်သူ့အသံကို ပီပီပြင်ပြင်နဲ့ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဖော်ထုတ်ပြီးတော့ တောင်းဆိုသွားမှာဖြစ်ပါတယ်။ ပြည်သူကို သတ်နေတဲ့သူတွေက ဒီလိုနေရာကိုရောက်သွားမယ်ဆိုရင် မတွေးဝံ့စရာပဲပေါ့နော်၊ ဒါကြောင့် ကျမတို့ ဒါကိုအဖြစ်ခံလို့ မဖြစ်ဘူးပေါ့နော်” လို့ ပြောပါတယ်။
အခုနှစ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေးဟာ ဒေသတွင်း အိမ်နီးချင်း အာဆီယံနိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အခြေအနေရှိနေတာပါ။
အာဆီယံနိုင်ငံတွေရဲ့ စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ တော်လှန်ရေး အင်အားစုတွေအပေါ် ဖိအားဖြစ်လာခဲ့ပြီး ကုလသမဂ္ဂက သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒီအခြေအနေမှာ အာဆီယံနဲ့ပတ်သက်တဲ့ ကမ်ပိန်းတွေပြုလုပ်ဖို့လည်း အစီအစဉ်တွေ၊ အစည်းအဝေးတွေ ပြုလုပ်နေပြီး မြန်မာ့အရေးဆောင်ရွက်သူတွေနဲ့အတူ သက်ဆိုင်ရာ ကဏ္ဏအသီးသီးက အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပူးပေါင်းပါဝင်နေကြပါတယ်။
စက်တင်ဘာလကျင်းပမယ့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နှစ်စဉ်ဆောင်ရွက်နေကြလုပ်ငန်းစဉ်အတိုင်း သံတမန်အရည်အချင်း စိစစ်ရေးကော်မတီ (Credentials Committee) က နိုင်ငံအသီးသီးကို ကိုယ်စားပြုတဲ့ သံတမန်တွေဟာ ကုလရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ ပြန်သုံးသပ်တော့မှာဖြစ်ပါတယ်။
အဲ့ဒီအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲတွေကို နိုင်ငံတကာရောက် မြန်မာတွေက စက်တင်ဘာတလလုံးမှာ သက်ဆိုင်ရာနိုင်ငံတွေကနေတဆင့် အသီးသီးပြုလုပ်သွားဖို့ပြင်ဆင်နေတာပါ။
စက်တင်ဘာ ၁၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်နေရာအနီးမှာ အဓိက ကမ်ပိန်းပြုလုပ်မှာဖြစ်ပြီး ဥရောပ၊ အာရှ၊ ဩစတြေးလျနဲ့ နိုင်ငံတကာရောက်မြန်မာတွေက ကမ်ပိန်းတွေ ဆက်တိုက်ဖော်ဆောင်ကြဖို့ ရှိနေပါတယ်။
အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလ သံတမန်အရည်အချင်းစိစစ်ရေးကော်မတီ (UN Credentials Committee) မှာ အမေရိကန်၊ တရုတ်နဲ့ရုရှားနိုင်ငံတို့က အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၆ နိုင်ငံ နေရာတွေကတော့ အလှည့်ကျစနစ်နဲ့ ပါဝင်ကြရတာဖြစ်ပါတယ်။