
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေက စုပေါင်းအိတ်ဖွင့်ပေးစာကို စက်တင်ဘာ ၁၅ ရက် ဒီကနေ့ နေ့လယ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ၊ ကုလသမဂ္ဂရုံးကနေတဆင့် ပေးပို့ခဲ့ပါတယ်။
“မြန်မာနိုင်ငံ၏ ကုလသမဂ္ဂကိုယ်စားပြုခွင့် ဆက်လက်တည်ရှိရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးပို့သောစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိ ၊ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေထံ လိပ်မူပေးပို့ထားပြီး ဂျပန်နိုင်ငံကုလသမဂ္ဂရုံးမှ တာဝန်ရှိသူတယောက်က လက်ခံယူခဲ့ပါတယ်။
တောင်းဆိုစာပေးပို့တဲ့အဖွဲ့မှာပါဝင်တဲ့ ဦးမြင့်ဆွေက “ဒီကိစ္စဟာ လူပုဂ္ဂိုလ်တဦးတည်းရဲ့ ရာထူးအတွက် မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ တကယ့်အသံတွေကို ကုလသမဂ္ဂမှာ ဆက်လက်ကြားစေဖို့ ကိစ္စဖြစ်ပါတယ်” လို့ DVB ကိုပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာမှုတွေ၊ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အချိန်မှာ မြန်မာပြည်သူတွေရဲ့ အသံဟာ နိုင်ငံတကာအသိုက်အဝန်းမှာ ပျောက်ကွယ်မ သွားသင့်ကြောင်းလည်း ဂျပန်ရောက်မြန်မာတွေရဲ့ စုပေါင်းပေးစာမှာ တိုက်တွန်းထားပါတယ်။











