
အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ဟာ Artemis III လကမ္ဘာခရီးစဉ်သစ်အတွက် လိုက်ပါ သွားကြမဲ့ အာကာသယာဉ်မှူး စာရင်းကို ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ဒီခရီးစဉ်မှာ လကမ္ဘာပေါ် ဆင်းသက်မှာ မဟုတ်ဘဲ ကမ္ဘာပတ်လမ်း အနိမ့်ပိုင်းမှာ နည်းပညာ စမ်းသပ်မှုပဲ လုပ်မှာဖြစ်ပါတယ်။
အီလွန်မတ်စ်ခ်ရဲ့ Space ကုမ္ပဏီထုတ် Starship ဒုံးပျံ ကြန့်ကြာမှုတွေနဲ့ Blue Origin ကုမ္ပဏီရဲ့ ဒုံးပျံစမ်းသပ်မှု အခက်အခဲတွေကြောင့် အခုလို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် Artemis II နဲ့ လကို ပတ်အပြီးမှာ လဆင်းယာဉ်တွေနဲ့ ချိတ်ဆက်မဲ့ လုပ်ငန်းစဉ်ကို ကမ္ဘာပတ်လမ်းမှာ အရင် မစမ်းသပ်ဘဲ လပေါ် တိုက်ရိုက်ဆင်းသက်ဖို့ကလည်း အဆင့် ကျော်လွန်းရာ ကျတယ်လို့ သုံးသပ်ထားပါတယ်။
ဒီခရီးစဉ်မှာ ရန်ဒီ ဘရက်စ်နစ်ခ်က ကွန်မန်ဒါ၊ လူကာ ပါမီတာနိုက လေယာဉ်မှူးအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး အန်ဒရေ ဒေါက်ဂလပ်စ်၊ ဖရန့် ရူဘီယို နဲ့ ဘော့ ဟိန့်ဇ်တို့လည်း လိုက်ပါကြမှာ ဖြစ်ပါတယ်။
နာဆာအကြီးအကဲ ဂျရတ် အိုက်ဆက်ခ်မန်းကတော့ ဒီခရီးစဉ်ဟာ အရှုပ်ထွေးဆုံး ဖြစ်လာမယ်လို့ ဆိုပါတယ်။
အိုက်ဆက်ခ် မန်းက “ဒီခရီးစဉ်ဟာ အစိုးရနဲ့ အာကာသအသိုက်အဝန်းက အဖွဲ့တွေရဲ့ စွမ်းရည်တွေကို ပေါင်းစပ်ပြီး သမိုင်းတလျှောက် အံ့မခန်းစရာအကောင်းဆုံး ဒုံးပျံလွှတ်တင်ရေး ပူးပေါင်း ဆောင်ရွက်မှု လိုအပ်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံက ၂၀၃၀ ပြည့်နှစ်မှာ လကမ္ဘာပေါ် လူဆင်းသက်ဖို့ ရည်မှန်းထားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က ၂၀၂၈ ခုနှစ်မှာ လကမ္ဘာပေါ် ပြန်လည်ခြေချဖို့ ညွှန်ကြားထားပေမဲ့ လက်ရှိ အခက်အခဲတွေကြောင့် အချိန်မီဖို့ ခက်ခဲမယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
Source: Reuters










