
Artemis II လသွားမစ်ရှင်ခရီးစဉ်မှာ လိုက်ပါလာကြတဲ့ အာကာသယာဉ်မှူး ၄ ယောက်ဟာ အာကာသထဲမှာ ကမ္ဘာမြေနဲ့ အဝေးဆုံးကို ရောက်ရှိတဲ့ လူသားတွေအဖြစ် ဧပြီ ၆ ရက်မှာ စံချိန်တင် လိုက်ပါတယ်။
သူတို့ဟာ ၁၉၇၀ ပြည့်နှစ်က အပိုလို ၁၃ (Apollo 13) မစ်ရှင်ရဲ့ စံချိန်ကို ချိုးဖျက်ခဲ့ပြီး ကမ္ဘာကနေ မိုင်ပေါင်း ၂၅၂,၇၅၆ မိုင် အထိ ရောက်ရှိခဲ့တာပါ။
ဒီမစ်ရှင်မှာ အမေရိကန် အာကာသယာဉ်မှူးတွေဖြစ်တဲ့ ရိဒ်ဝိုက်စ်မန်း၊ ဗစ်တာဂလိုဗာ၊ ခရစ္စတီးနားကို့ချ်နဲ့ ကနေဒါ အာကာသယာဉ်မှူး ဂျယ်ရမီဟန်ဆန် တို့ ပါဝင်ပါတယ်။
ယာဉ်မှူးတွေဟာ လရဲ့ မှောင်နေတဲ့ကျောဘက်ခြမ်းကို ဖြတ်သန်းခဲ့ချိန်မှာ ကမ္ဘာမြေနဲ့ အဆက်အသွယ် မိနစ် ၄၀ ခန့် ပြတ်တောက်ခဲ့ပါတယ်။
အဆက်အသွယ် ပြန်ရချိန်မှာတော့ "ကမ္ဘာမြေက အသံကို ပြန်ကြားရတာ အရမ်းဝမ်းသာပါတယ်" လို့ ကို့ချ်က ပြောပါတယ်။
အဲဒီနောက် ယာဉ်ပေါ်ကနေ နေကြတ်တာကို တွေ့မြင်ရပြီး "သိပ္ပံဇာတ်ကားထဲ ရောက်သွားသလိုပဲ၊ တကယ့်ကို အံ့ဩစရာပါပဲ" လို့ ဂလိုဗာက ဆိုပါတယ်။
လပေါ်က တွင်းချိုင့်ဝတခုကိုလည်း ယာဉ်မှူး ဝိုက်စ်မန်းရဲ့ ကွယ်လွန်သူဇနီး ကာရိုးလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ နာမည်ပေးခဲ့ပါတယ်။
ခရီးစဉ်အတွင်း ကွယ်လွန်သူ အာကာသယာဉ်မှူးဟောင်း ဂျင်လပ်ဗဲလ်ရဲ့ ကြိုတင် အသံသွင်းထားတဲ့ ဆုတောင်းစကားကိုလည်း သူတို့ နားဆင်ခဲ့ရပါတယ်။ ဒီမစ်ရှင်ဟာ ၂၀၂၈ ခုနှစ်မှာ လူသားတွေ လပေါ် ပြန်လည်ဆင်းသက်နိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။
Source:Reuters










