DVB Logo
Home
နိုင်ငံတကာ
၂၀၃၀ တွင် လပေါ် လူဆင်းသက်နိုင်ရေး တရုတ်မစ်ရှင် ရှန်ကျိုး - ၂၃ စတင်
DVB
·
May 25, 2026
Photo: Reuters
Photo: Reuters
Donate to DVB

တရုတ်နိုင်ငံရဲ့  ရှန်ကျိုး - ၂၃ မစ်ရှင်ကို (Shenzhou-23) မေ ၂၄ ရက်က လွှတ်တင်လိုက်ပြီးနောက် ပထမဆုံးအနေနဲ့ အာကာသယာဉ်မှူးတယောက်ဟာ ကမ္ဘာ့ပတ်လမ်းထဲ တနှစ်တိတိ နေထိုင်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၃၀ ပြည့်နှစ်မှာ လပေါ် လူစေလွှတ်နိုင်ဖို့ ရည်မှန်းထားခဲ့တဲ့ တရုတ်အတွက် အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်သလို အမေရိကန်နဲ့ပြိုင်ဆိုင်မှု အရှိန်မြင့်တက်နေချိန်လည်း ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်အနောက်မြောက်ပိုင်း ဂိုဘီ သဲကန္တာရထဲကနေ Long March 2-F ဒုံးပျံကြီး ပျံတက်သွားတာကို CCTV နိုင်ငံပိုင်ရုပ်သံမှာ ဖော်ပြထားပါတယ်။

အခုတခေါက် ရှန်ကျိုး - ၂၃ မစ်ရှင်မှာ လီကျားယင် ဆိုတဲ့ ပထမဆုံး ဟောင်ကောင်ဒေသခံ အမျိုးသမီး အာကာသယာဉ်မှူး ပါဝင်လာခဲ့ပြီး ကျန်တဲ့ ၂ ယောက်ဟာ ကျူယန်ကျူးနဲ့  ကျန်ယွမ်ကျီ တို့ပဲ ဖြစ်ပါတယ်။

အဲဒီထဲက တယောက်ဟာ ထျန်းကုန်း အာကာသစခန်းအတွင်း တနှစ်ကြာ နေထိုင်ရမှာ ဖြစ်ပေမဲ့လည်း ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ မစ်ရှင်ရဲ့ တိုးတက်တဲ့ အခြေအနေပေါ် မူတည်ပြီး အဆုံးအဖြတ် ပေးသွားမှာပါ။

ဒါဟာ သမိုင်းတလျှောက် အချိန်အကြာဆုံး အာကာသမစ်ရှင်တွေထဲမှာ ပါဝင်ပေမဲ့လည်း ၁၉၉၅ ခုနှစ်အတွင်း ရုရှားအာကာသယာဉ်မှူး စံချိန်တင်ထားတဲ့ ၁၄ လခွဲကြာ ကာလထက်တော့ လျော့နည်းနေပါသေးတယ်။

အမေရိကန်ကတော့ တရုတ်ဟာ လပေါ်မှာ ကိုလိုနီပြုပြီး သယံဇာတတွေကို တူးဖော်နိုင်ဖို့ ကြံစည်နေကြောင်း စွပ်စွဲထားပါတယ်။

လာမဲ့ ၂၀၂၈ ခုနှစ်မှာ တရုတ်ထက် အချိန် ၂ နှစ်စောပြီး အမေရိကန်အာကာသအေဂျင်စီ NASA က လပေါ်ကို လူကိုယ်တိုင် ဆင်းသက်နိုင်အောင် ကြိုးပမ်းနေပါတယ်‌။

အလားတူ အမေရိကန်ဟာ လပေါ်မှာ ရေရှည် အခြေချနေထိုင်ဖို့ ရည်ရွယ်ထားပြီး အဲဒီကနေတဆင့် Mars - အင်္ဂါဂြိုဟ်ကို လူသားတွေ သွားရောက်လေ့လာနိုင်အောင် ကြားခံ အဆင့်တခုအဖြစ် အသုံးပြုသွားမှာပါ။

ဒါ့အပြင် ၂၀၂၄ ဇွန်လမှာ တရုတ်ဟာ လရဲ့ တဖက်ခြမ်းက (Far Side) မြေသားနမူနာတွေကို စက်ရုပ်တွေသုံးပြီး ပထမဆုံး ယူဆောင်လာခဲ့တဲ့နိုင်ငံ ဖြစ်လာပါတယ်။

တကယ်လို့ ၂၀၃၀ မတိုင်ခင် လူလိုက်ပါတဲ့ ဆင်းသက်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် ၂၀၃၅ ခုနှစ်မှာ ရုရှားနဲ့ပူးပေါင်းပြီး တရုတ်ဟာ လပေါ်မှာ အမြဲတမ်းရှိနေမဲ့ အခြေစိုက်စခန်းတည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013