
ကချင်ပြည်နယ်၊ တနိုင်းမြို့မှာ မီးလောင်မှုဖြစ်ပြီး အဆောက်အအုံ ၄ ခုနဲ့ ကား ၂ စီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ ကူညီဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။
ဧပြီ ၂၀ ရက်၊ မနက် ၈ နာရီခွဲခန့်က တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်အတွင်း တနိုင်း-မိုင်ခွန်သွား လမ်းဘေးရှိ ဆွမ်ပရာဘွမ် စားသောက်ဆိုင် မီးဖိုဆောင်အတွင်းမှာ ဆိုင်ဝန်ထမ်းတယောက်က ထင်းမီးနဲ့ ချက်ပြုတ်နေစဉ် ခဏအပေါ့သွားရာက မီးစတင်လောင်ကျွမ်းခဲ့တာပါ။
အဆိုပါ မီးလောင်မှုကြောင့် မီးဖိုချောင်၊ ဝန်ထမ်းအဆောင် ၂ လုံး၊ ရပ်ကွက်ရုံး စုစုပေါင်း အဆောက်အအုံ ၄ လုံးနဲ့ စားသောက်ဆိုင်အတွင်းမှာရှိတဲ့ အိမ်စီးကား ၂ စီး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို ကူညီဆောင်ရွက်ပေးသူတယောက်က “စားသောက်ဆိုင်ဝန်ထမ်းက ထင်းမီးနဲ့ ဟင်းချက်နေတာ၊ ခဏအပေါ့သွားနေတုန်း မီးလောင်ခဲ့တာ။ မီးဖိုဆောင်ထဲမှာက ဂက်စ်အိုးတွေ၊ စားအုန်းဆီပုံးတွေ ရှိနေတော့ မီးလောင်အား ကောင်းခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုကို တနိုင်းမြို့ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်း မီးငြှိမ်းသတ်ခဲ့ရာ မိနစ် ၃၀ ကျော်မှာ လုံးဝမီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးတာမရှိဘဲ မီးလောင်မှုနဲ့ ပတ်သက်လို့ တနိုင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။










