တရုတ်အစိုးရရဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုရဲ့ တရုတ်နာမည် စာလုံးပေါင်းကို အက္ခရာပြောင်းပြီးတော့ မေ ၁၂ ရက်မှာ ပေကျင်းမြို့တော်ကို ဦးတည် ထွက်ခွာလာခဲ့ပါတယ်။
ရူဘီအို ဆိုတဲ့ အင်္ဂလိပ်အမည်ကို တရုတ်လို "လူဘီအို" လို့ အသံဖလှယ်တဲ့နေရာမှာ "လူ" စကားလုံး ရဲ့အက္ခရာကို ပြောင်းလိုက်တာ ဖြစ်ပါတယ်။
အသက် ၅၄ နှစ်အရွယ် ရူဘီအိုဟာ အထက်လွှတ်တော်အမတ်ဘဝက တရုတ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့ တရုတ်အစိုးရက သူ့ကို ၂ ကြိမ်တိုင်တိုင် ပိတ်ဆို့အရေးယူခဲ့တာပါ။
သူဟာ ရှင်းကျန်းက ဝီဂါမူစလင်တွေအပေါ် အဓမ္မလုပ်အားခိုင်းစေမှုနဲ့ ဟောင်ကောင်အရေးတွေမှာ တရုတ်ကို အရေးယူဖို့ အဓိက တွန်းအားပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ သူနိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင်လေးမှာပဲ တရုတ်အစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတွေက သူ့နာမည်ရဲ့ ပထမဆုံး စကားလုံး "လူ" အက္ခရာကို တခြားစာလုံးတခုနဲ့ ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။
နာမည်ဟောင်းနဲ့ ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ ရူဘီအိုကို တွေ့ဆုံနိုင်ဖို့အတွက် တရုတ်က အခုလို သံတမန်ရေးအရ လှည့်ကွက် သုံးလိုက်တာဖြစ်တယ်လို့ သံတမန် ၂ ယောက်က ယူဆကြပါတယ်။
ရူဘီအိုဟာ သမ္မတ ထရမ့်ပ်နဲ့အတူ လေယာဉ်ပေါ် တက်သွားတာကို မြင်တွေ့ခဲ့ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတယောက်က အတည်ပြုပါတယ်။
ဝန်ကြီးဖြစ်လာပြီးနောက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မိတ်ဆွေလို့ခေါ်တဲ့ ထရမ့်ပ်ကို သူက ထောက်ခံခဲ့ပါတယ်။
လူ့အခွင့်အရေးကိစ္စတွေကို လျှော့ပြီးတော့ တရုတ်နဲ့ ကုန်သွယ်ရေးဆက်ဆံမှု တည်ဆောက်ဖို့ အဓိက အာရုံစိုက်လာခဲ့ပါတယ်။
Source: Reuters










