တောင်ကိုရီးယားနိုင်ငံက ယူကရိန်းအတွက် ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့မှု အစီအစဉ်တခု ပေးအပ်သွားမှာဖြစ်ပြီး အဲဒီအထဲမှာ အသက်သေစေနိုင်တဲ့ လက်နက်ဆန်းတွေတော့ ပါဝင်မှာမဟုတ်ဘူးလို့ ဆိုးလ်မြို့တော်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဝီဆောင်းလက်က ဇူလိုင် ၇ ရက်နေ့ အန်ကာရာမြို့ကနေ ပြောကြားလိုက်ပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင် အခုတက်ရောက်နေတဲ့ နေတိုး (NATO) ထိပ်သီးအစည်းအဝေးပွဲ ကျင်းပရာ တူရကီမြို့တော်မှာ အခုလို ပြောကြားခဲ့တာပါ။
အဲဒီနေ့ အစောပိုင်းကလည်း သမ္မတ အီဂျယ်မြောင်ဟာ ကာကွယ်ရေးလုပ်ငန်းဖိုရမ်ကို တက်ရောက်ခဲ့ပြီး အဆင့်မြင့်နည်းပညာတွေ အပါအဝင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ လက်နက်စနစ် ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ နေတိုးမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့သွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ ကိုရီးယားနဲ့ နေတိုးကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို လက်နက်အပြန်အလှန် လဲလှယ်ရုံတင်မကဘဲ လက်နက်စနစ်တွေကို အတူတူသုတေသနလုပ်တာ၊ ပူးတွဲထုတ်လုပ်တာနဲ့ လည်ပတ်တာတွေအထိ ပါဝင်မဲ့ “တောင်ကိုရီးယား-နေတိုး ကာကွယ်ရေးလုပ်ငန်း မိတ်ဖက်အဖွဲ့အစည်း ၂.၀” အဆင့်အထိ မြှင့်တင်ဖို့ သမ္မတက အဆိုပြုခဲ့ပါတယ်။
တောင်ကိုရီးယားအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ယူကရိန်းကို စဉ်ဆက်မပြတ် ကူညီပေးခဲ့ပြီးဖြစ်သလို၊ အခု ဒေါ်လာသန်း ၁၀၀ ပံ့ပိုးမှုဟာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ပိုမိုတိုးမြှင့် ကူညီပေးလိုက်တာလို့ အမျိုးသားလုံခြုံရေး အကြံပေး ဝီဆောင်းလက်က ဖြည့်စွက်ပြောပါတယ်။
သမ္မတ အီဂျယ်မြောင်ကလည်း တောင်ကိုရီးယားရဲ့ တည်ငြိမ်တဲ့ ထုတ်လုပ်မှုစွမ်းရည်၊ စိစစ်ပြီးသား နည်းပညာတွေနဲ့ နေတိုးရဲ့ ရေရှည်အတွေ့အကြုံတွေ ပေါင်းစပ်လိုက်ရင် နှစ်ဖက်စလုံးရဲ့ ကာကွယ်ရေးစွမ်းရည်ဟာ အခုထက်မက သိသိသာသာ တိုးတက်လာမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။










