အီရန် အဓိပတိခေါင်းဆောင်ဟောင်း အယာတိုလာအလီခါမေနီအတွက် နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို ဇူလိုင် ၄ ရက်ကနေ ၉ ရက်အထိ ကျင်းပသွားဖို့ ရှိနေပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးတွဲလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်စစ်ပွဲစတင်ရာ ပထမဆုံးနေ့မှာတင် ခါမေနီ သေဆုံးခဲ့ရတာပါ။
အသက် ၈၆ နှစ်အရွယ် ခါမေနီဟာ ရှီအာ မွတ်စလင်အများစုရဲ့ ဘာသာရေးခေါင်းဆောင် ဖြစ်သလို အီရန်မြို့တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်ဝင်းအတွင်း လုပ်ကြံခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲ အရှိန်ပြင်းထန်နေချိန်မှာ ခါမေနီရဲ့ ဈာပနကို အချိန်ရွှေ့ဆိုင်းထားခဲ့ရပြီး လက်ရှိ အီရန်နဲ့ အမေရိကန်က အပစ်ရပ်ထားတဲ့အလျောက် မကြာခင် ပြန်လည်ကျင်းပဖို့ ရှိပါတယ်။
အဲဒီနောက် အများပြည်သူ ဂါရဝပြုနိုင်မဲ့ ဈာပနကို တီဟီရန်မြို့လယ်ခေါင်က နိုင်ငံတော်အခမ်းအနားတွေ ကျင်းပလေ့ရှိရာ ဂရန်း မိုဆော်လာ အဆောက်အအုံကြီးမှာ ပြုလုပ်သွားမှာပါ။
အဲဒီအခမ်းအနားမှာ ခါမေနီရဲ့ သားဖြစ်သလို အရိုက်အရာ ဆက်ခံသူလည်းဖြစ်တဲ့ မို့ဂျ်တာဘာ ကိုယ်တိုင် တက်ရောက်မလား ဆိုတာတော့ မသိရသေးပါဘူး။
အဓိပတိခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရပြီးချိန်ကတည်းက မို့ဂျ်တာဘာကို လူမြင်ကွင်းမှာ မတွေ့ရတော့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၉ ရက် အရောက်မှာတော့ ခါမေနီရဲ့ မွေးရပ်မြေဖြစ်တဲ့ အရှေ့မြောက်ပိုင်း မက်ရှ်ဟတ် မြို့က အီမာမ်ရီဇာဗိမာန်ကြီးမှာ သူ့ကို မြေချမြှုပ်နှံသွားဖို့ ရှိနေပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၃၀ လောက်က ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ ၁၅ သန်းနဲ့ သန်း ၂၀ ကြား အခမ်းအနားကို တက်ရောက်နိုင်တယ်ဆိုပြီး ခန့်မှန်းထားတဲ့အလျောက် အီရန်သမိုင်းတလျှောက် အကြီးကျယ်ဆုံး နိုင်ငံတော်ဈာပန ဖြစ်လာနိုင်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် အထူးကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ထရမ့်ပ် သမက် ဂျဲရတ်ကုရှ်နာတို့က ကြားဝင်ညှိနှိုင်းပေးသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကာတာမြို့တော် ဒိုဟာကို ရောက်နေပြီ ဖြစ်ပါတယ်။
အလားတူ အီရန်ကိုယ်စားလှယ်အဖွဲ့လည်း ရောက်နေပြီဖြစ်ပေမဲ့ နှစ်ဖက်အကြား မျက်နှာချင်းဆိုင် ပြောဖို့အတွက်တော့ စီစဉ်ထားတာမျိုး မရှိသေးပါဘူး။
ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ ၄ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့ သဘောတူညီချက် ရထားပါတယ်။










