
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ “အခုနှစ်အတွင်း” ပြည်တွင်းကို ပြန်လာမယ်ဆိုပြီး အိန္ဒိယရုပ်သံလိုင်း NDTV နဲ့ အင်တာဗျူးတခုမှာ ပြောကြားပါတယ်။
အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဟာဆီနာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအရ မျက်ကွယ်သေဒဏ် ချမှတ်ခံရပြီးနောက် ဇွန် ၂၈ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးအတွင်း မှတ်ချက်ပေးသွားတာပါ။
အဲဒီနောက် ဟာဆီနာက သူ သေရမှာကိုမကြောက်ဘဲ သူ့အပေါ် ချမှတ်ထားတဲ့ စီရင်ချက်ဟာ “တရားမဝင်သလို အခြေခံဥပဒေနဲ့ မညီညွတ်တဲ့အပြင် နိုင်ငံရေးရည်ရွယ်ချက်အရ ကြံစည်ထားတဲ့ လုပ်ငန်းစဉ်ရဲ့ တစိတ်ပိုင်းသာဖြစ်တယ်” လို့လည်း မှတ်ချက်ပေးပါတယ်။
၁၅ နှစ်တိုင်အောင် အာဏာရှင်ဆန်ဆန် အုပ်ချုပ်နိုင်ခဲ့ပေမဲ့လည်း ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြောင့် ၂၀၂၄ ခုနှစ် သြဂုတ်လမှာ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ဟာဆီနာ ထွက်ပြေးခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ဟာဆီနာကို တရားခံအနေနဲ့ လွှဲပြောင်းပေးဖို့ အိန္ဒိယအစိုးရဆီ အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။
မကြာသေးတဲ့ ဇန်နဝါရီလအတွင်း နယူးဒေလီမြို့ရဲ့ စာနယ်ဇင်းအသင်းမှာ (Press Club) မှာ ရှားရှားပါးပါး မိန့်ခွန်းပြောခဲ့တာကလွဲရင် ဟာဆီနာကို လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။
အခုလိုမျိုး သေဒဏ်ချမှတ်ခံထားရပေမဲ့လည်း နေရပ်ပြန်မှာလားဆိုတဲ့ မေးခွန်းကို ဟာဆီနာက “ကျမ ရှင်းရှင်းပဲ ပြောချင်ပါတယ်။ အတားအဆီးမှန်သမျှနဲ့ ပူးပေါင်းကြံစည်မှုတိုင်းကို ကျော်ဖြတ်ပြီး ဒီနှစ်ထဲမှာတင် ကျမနိုင်ငံကို ပြန်လာမှာပါ” လို့ တုံ့ပြန်သွားပါတယ်။
ဒါ့အပြင် “ကျမအပေါ် ဆန့်ကျင်တဲ့ လုပ်ကြံမှုပေါင်းများစွာနဲ့ ကြံစည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကွန်ရက်အားလုံးကို ကျော်ဖြတ်ပြီး ပြည်သူ့ဆန္ဒမဲနဲ့ ၀န်ကြီးချုပ်အဖြစ် ၅ ကြိမ်တိုင်တိုင် ရွေးကောက်ခံခဲ့ရပါတယ်။ ပြီးတော့ နိုင်ငံအတွက်လည်း မကြံစဘူး ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်” လို့ ဟာဆီနာက ဖြည့်စွက်ပြောပါတယ်။
လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဒါကာမြို့ တရားရုံးတခုကနေ ဟာဆီနာကို သွေးထိုးလှုံ့ဆော်မှု၊ သတ်ဖြတ်ဖို့ အမိန့်ပေးစေခိုင်းမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ မဖြစ်အောင် တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချထားပါတယ်။
တချိန်တုန်းက ဘင်္ဂလားဒေ့ရှ်မှာ လူကြိုက်အများဆုံး ပါတီတခုဖြစ်ခဲ့တဲ့ ဟာဆီနာ ဦးဆောင်တဲ့ အဝါမီလိဂ်ရဲ့ လှုပ်ရှားမှုတွေကိုပါ ဥပဒေအရ ပိတ်ပင်ထားပါတယ်။
၂၀၂၆ ဖေဖော်ဝါရီလ အရောက်မှာတော့ လူဦးရေ သန်း ၁၇၀ ရှိတဲ့ ဒီ တောင်အာရှနိုင်ငံရဲ့ ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ်အသစ် ဖြစ်လာမဲ့ တာရစ် ရာမန်ဟာ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။











