
မန္တလေး-စစ်ကိုင်းဘက်ကနေ ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ရေယာဉ် ၄၀ ကျော်ဟာ ဇူလိုင် ၄ ရက်မှာ မုံရွာမြို့ အလုံ-မင်းဒေါင့်ဆိပ်ကမ်းကိုရောက်ရှိခဲ့ပြီး ဇူလိုင် ၉ ရက်မှာ မင်းကင်းကနေ ကလေးဝဘက် အထက်ကို ဆက်လက် ဆန်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေယာဉ်တွေပေါ်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အများအပြားပါဝင်လာပြီး ကလေးဝကနေတဆင့် ချင်းပြည်နယ်စပ် ကလေးမြို့ဘက်အထိ ထောက်ပို့လုပ်ငန်းတွေဆောင်ရွက်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
ကနီ-မင်းကင်း ဒေသခံတယောက်က “အစင်း ၄၀ ကျော်သွားပြီတဲ့၊ သူတို့ ခါတိုင်းကတော့ ခန္တီးအထိသွားကြတာပဲ။ မန္တလေးဘက်က စစ်ကိုင်းဘက်ကနေလာတာ။ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ပစ်ခတ်တက်တာ။ အကြောင်းမဲ့ပစ်ခတ်ပြီးတော့ ဆန်သွားတာ၊ သူတို့က ဆန်တက်လာပြီဆိုကတည်းက ကြောက်နေရတာ၊ မြစ်ကမ်းဘေးကဟာတွေကတော့ ပြေးကြရတယ်၊ ပုန်းကျင်းရှိရင် ပုန်းကျင်းတွေထဲ ဝင်ကြရတယ်။ လက်နက်ကလေး လွတ်ရာပါ၊ လက်နက်ကြီးကတော့ ကျော်ကျော်ကျတာ၊ တို့ရွာပေါ်တွေကနေပြီး ကျော်ကျော်ကျတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က မိုးတွင်းကာလမှာ မြေပြင်လမ်းခရီး အဆင်မပြေတာကြောင့် စစ်ကိုင်း-မကွေး-ချင်းပြည်နယ်စပ်က တပ်သားတွေကို ချင်းတွင်းမြစ်ရိုးကနေတဆင့် လက်နက်နဲ့ ရိက္ခာထောက်ပို့နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အရင်နှစ်တွေတုန်းက စစ်ကိုင်း-ကချင်နယ်စပ်ကိုလည်း ဧရာဝတီမြစ်ရိုးအတိုင်း စစ်ရေယာဉ်တွေ အသုံးပြုပြီး ထောက်ပို့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာပါ။
လတ်တလော မန္တလေးကနေ ကသာဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာတယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်း-ကချင်နယ်စပ် ကသာ၊ ရွှေကူ၊ ဗန်းမော်ဘက်ကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ စစ်သင်္ဘော ၂ စင်း အပါအဝင် ရေယာဉ် ၂၀ ဝန်းကျင်ဟာ မန္တလေးဘက်ကနေ ဧရာဝတီမြစ်အတိုင်း အထက်ကို ဆန်တက်လာတယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေက ဇွန်လကုန်မှာ သတင်းစဖြန့်ခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ ကသာမြို့အနီးအထိ စစ်ရေယာဉ်တွေ ရောက်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ဆန်တက်လာတာမရှိဘဲ သတင်းအမှားဖြန့်ဝေတာသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ဖို့ ကြိုးစားနေတာကို စစ်အာဏာရှင်ဘက်က သတင်းအမှားနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေတာလို့ ဆိုပါတယ်။
စစ်တပ်က နှစ်စဉ် မိုးရာသီမြစ်ရေတက်ချိန်မှာ ရေလမ်းခရီးကို အသုံးပြုပြီး လက်နက်နဲ့ ရိက္ခာထောက်ပို့တာတွေ ပြုလုပ်လေ့ရှိတဲ့အတွက် ဒီသတင်းကို အစောပိုင်းမှာ အမှန်လို့ထင်ခဲ့ကြပြီး ဧရာဝတီမြစ်ရိုးတလျှောက် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေအတွက် စစ်ရေးအရ စိုးရိမ်စရာ ဖြစ်ခဲ့တာပါ။
ကသာဒေသခံတယောက်က “သင်္ဘောတွေက ဆန်မလာသေးဘူး၊ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က သင်္ဘော ၂ စင်း ဆန်လာတယ်ဆိုပြီးတဲ့အခါကျတော့ မဆန်လာပါဘူး။ သူတို့ မန္တလေး အထက်နားလေးတင် ပြန်ပြီးတော့ ဆုတ်သွားတယ်၊ ဒီနှစ်အတွက် မဆန်လာသေးဘူး။ အဲဒါ တချို့တွေကျတော့လည်း ကသာကိုရောက်တာလိုလို၊ မြဝတီသတင်းကြည့်တဲ့ မိတ်ဆွေတယောက် ပြောတာကတော့ ရွှေကူဘက်ရောက်သွားတာလိုလို၊ တကယ်တော့ မရောက်ပါဘူး။ ကျမတို့ဒီတကြောလုံးက ဧရာဝတီမြစ်ကမ်းဘေးမှာနေကြတာဆိုတော့ သင်္ဘောသတင်းကိုတော့ စုံစမ်းနေကြတာပေါ့။ အဲ့ဒါဆိုတော့ သင်္ဘောတွေက အခုချိန်အထိ ဧရာဝတီမြစ်ကြောမှာတော့ ဆန်တက်လာတာမရှိသေးဘူးပေါ့။ နှစ်တိုင်းကတော့ ရေတက်ချိန်ဆို သင်္ဘောတွေက ဆန်ပါတယ်၊ ၁၀ စင်း- အစင်း ၂၀ ဒါမျိုးတွေဆန်ကြတာပေါ့။ ရွှေကူအထိသွားပြီးရင် ပြန်စုန်လာတဲ့အခါမှာတော့ ကသာလိုဟာမျိုးကို ရိက္ခာ-လက်နက် ချတာရှိတယ်။ ကသာအခြေအနေကတော့ ကသာမြို့ပေါ် သူတို့လက်မလွှတ်ရရေးအတွက် ကြိုးစားနေတယ်။ အင်းရွာတိုက်နယ်ဆိုတာတောင်မှ ကားလမ်းကြောပေါ်မှာပါပဲ။ ကျေးရွာတွေမှာ သူတို့ အကြာကြီးနေတာတို့ ဘာတို့၊ မြို့ပေါ်ကိုလည်း တော်လှန်ရေးဘက်တွေက ပြန်ပြီးကပ်နိုင်အောင်ကြိုးစားနေတယ်။ အဲ့ဒီအတွက် သူတို့က မြို့ထဲကို ပြန်မပေးရရေးကိုပဲ အားစိုက်နေတာပါ” လို့ ပြောပါတယ်။
ဒီနှစ်မှာ မန္တလေးကနေ စစ်ရေယာဉ်တချို့အထွက်ပြပြီးမှ တကယ်မဆန်တက်ဘဲ နောက်ပြန် ဆုတ်သွားတဲ့ စစ်အာဏာရှင်တပ်ရဲ့ ရည်ရွယ်ချက်ကိုတော့ ဒေသခံတွေက ခန့်မှန်းရခက်ခဲနေပါတယ်။










