DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို နေရပ်စတင်ပြန်ပို့ 
DVB
·
September 29, 2026
၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်က ကွာလာလမ်ပူရဲဌာနချုပ်၌ တွေ့ရသည့် ရိုဟင်ဂျာများ။ Photo: Bernama
၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်က ကွာလာလမ်ပူရဲဌာနချုပ်၌ တွေ့ရသည့် ရိုဟင်ဂျာများ။ Photo: Bernama
Donate to DVB

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်ကန့်ကွက်မှုတွေကြားက မလေးရှားနိုင်ငံဟာ  မြန်မာနိုင်ငံသား ၁,၄၇၆  ယောက်ကို စက်တင်ဘာ ၂၉ ရက်မှာ ပထမအသုတ်အဖြစ် နေရပ်ပြန်ပို့ဖို့ စတင်ဆောင်ရွက်နေတယ်လို့ AFP သတင်းကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြ ပါတယ်။

အဆိုပါ အုပ်စုဟာ ထိန်းသိမ်းရေးစခန်းတွေကနေ "သဘောဆန္ဒအလျောက်" နေရပ်ပြန်ဖို့ သဘောတူညီခဲ့တယ်လို့ မလေးရှားအစိုးရက ပြောကြားထားတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အနက် ပထမဆုံး အုပ်စုဖြစ်ပါတယ်။

မလေးရှားအနောက်မြောက်ပိုင်း လူမတ်ရေတပ်စခန်းအနီးရှိ  မာဂျလစ်ပါဘန်ဒါရန်းမန်ဂျန်း အားကစားကွင်းထဲကို ရဲတပ်ဖွဲ့ အစောင့်အရှောက်နဲ့ ဘတ်စ်ကား ဒါဇင်ပေါင်းများစွာ ရောက်ရှိ လာတာကို AFP သတင်းထောက်တွေက မြင်တွေ့ခဲ့ရပေမဲ့ သတင်းထောက်တွေကိုတော့  ကွင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့ပါဘူး။ 

အဆိုပါ မြန်မာနိုင်ငံသားတွေကို စိစစ်မှုတွေ ပြုလုပ်ပြီးနောက် အနီးရှိ ရေတပ်စခန်းသို့ ပို့ဆောင်ကာ သင်္ဘောနဲ့  မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့  မျှော်လင့်ရတယ်လို့ ဆိုပါတယ်။

ပြန်ပို့လိုက်တဲ့သူတွေအထဲမှာ ရိုဟင်ဂျာတွေ ဘယ်နှယောက်လောက်ပါဝင်တယ်ဆိုတာကို ချက်ချင်း မသိရသေးသလို မလေးရှားအာဏာပိုင်များကလည်း အသေးစိတ် အရေအတွက်ကို ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ရိုဟင်ဂျာမွတ်စလင်တွေအရေအတွက်ဟာ မလေးရှားနိုင်ငံအတွင်းရှိ မြန်မာဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၁၉၀,၀၀၀ ရဲ့ ၃ ပုံ ၂ ပုံ ရှိတယ်လို့ သိရပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ၅,၀၀၀ ကို ပြန်လည် လက်ခံဖို့ သဘောတူခဲ့ကြောင်း ဇူလိုင်လမှာ ကြေညာခဲ့ပြီးနောက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ရိုဟင်ဂျာတွေကို နေရပ် ပြန်မပို့ဖို့ ကန့်ကွက်ခဲ့ကြပါတယ်။

ကွာလာလမ်ပူရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၁၀၀ ကျော်ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဒုက္ခသည်တွေဟာ ပီနန်ပြည်နယ်မြောက်ပိုင်းရှိ တရားမဝင် စခန်းတခုမှ နှင်ထုတ် ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် UNHCR ရုံးမှာ အကူအညီတောင်းခံခဲ့ကြတာဖြစ်ပြီး တရားဝင် ကုလသမဂ္ဂ စာရွက်စာတမ်းတွေရှိကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြီးနောက် ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ပြည်ပသို့ ရောက်ရှိနေတဲ့ မိမိနိုင်ငံသားတွေအတွက် ဘေးကင်းပြီး သိက္ခာရှိတဲ့ ပြန်လည်လက်ခံရေးကို ဆောင်ရွက်ပေးမယ်လို့  မြန်မာဘက်က အခုလအစောပိုင်းမှာ ကတိပြုခဲ့ပါတယ်။

နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို လျှင်မြန်ချောမွေ့စေဖို့ မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ကို မလေးရှားနိုင်ငံဆီ တရားဝင်အလည်အပတ် ခရီးစဉ်အဖြစ် ဖိတ်ခေါ်မယ်လို့လည်း အန်ဝါက ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့  ရိုဟင်ဂျာတွေကို အတင်းအဓမ္မ နေရပ်ပြန်ပို့ဖို့ စီစဉ်နေတာကို ရပ်တန့်ဖို့ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၆၆ ဖွဲ့နဲ့ တသီးပုဂ္ဂလ ၁၄၀ ကျော်တို့က  စက်တင်ဘာ ၂၃ ရက်နေ့စွဲ နဲ့  ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရှိအနေအထားမှာ ပြည်သူလူထုတွေအတွက် မတည်ငြိမ်ဘဲ အလွန်အမင်း အန္တရာယ် ရှိနေဆဲ ဖြစ်တယ်လို့   မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကလည်း စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ရှိ လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ဆန္ဒအလျောက် ဂုဏ်သိက္ခာ ရှိရှိ ပြန်နိုင်ဖို့ အထောက်အကူ ဖြစ်မနေသေးကြောင်း နေရပ်ပြန်မပို့ခင် မြန်မာနိုင်ငံတဝန်းရှိ ပြည်သူတွေ ပြင်းထန်စွာခံစားနေရတဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေကို နေရပ် အဓမ္မပြန်စေလွှတ်မဲ့ အစီအစဉ်ကို အရှိန်မြှင့်တင်ဖို့အတွက် မြန်မာ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ရဲ့ အဆိုပြုချက်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်တယ်လို့လည်း အရပ်ဘက်အဖွဲ့ တွေက ပြောပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို အခုလကုန်ပိုင်းမှာ စစ်ရေယာဉ်တွေနဲ့ သွားရောက်ခေါ်ယူမယ်လို့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

 

 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013