
ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်ထားကြောင်းနဲ့ အမေရိကန်ရေတပ်တွေရဲ့ ပိတ်ဆို့မှု အဆုံးသတ်ဖို့ အီရန်နိုင်ငံရဲ့ အစ္စလမ်မစ်တော်လှန်ရေးအစောင့်တပ်တွေ (IRGC)က ပြောပါတယ်။
IRGC ဟာ စနေနေ့ညနေမှာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ခဲ့တာဖြစ်ပြီး အမေရိကန်တပ်တွေ အီရန်ရဲ့ ရေလမ်းကြောင်း ပိတ်ထားမှုကို မဖွင့်ပေးမချင်း ဟော်မုဇ်ကို ပြန်ဖွင့်မှာ မဟုတ်ဘူးလို့လည်း တရားဝင်သတင်းဌာနဖြစ်တဲ့ ဆီပတ်သတင်းဌာနက ဖော်ပြပါတယ်။
IRGC က ဧပြီ ၈ ရက်က စတင်အသက်ဝင်တဲ့ ၂ ပတ်အပစ်ရပ်စဲရေးကို အမေရိကန်က ချိုးဖောက်ခဲ့ ကြောင်း၊ အီရန်ရေလမ်းကြောင်းနဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့အမေရိကန်ရေတပ်ဖယ်ရှားပေး မယ်ဆိုတာလည်း ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။
ဟော်မုဇ်ရေလက်ကြားကို အသုံးပြုတဲ့ သင်္ဘောတွေနဲ့ သင်္ဘောပိုင်ရှင်တွေဟာ VHF ချန်နယ် ၁၆ နဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ ချန်နယ်တွေကနေ သတင်းတွေကို စောင့်ကြည့်ဖို့ IRGC က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောဆိုမှုတွေက ဒီရေလက်ကြားနဲ့ ပင်လယ်ကွေ့မှာ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့လည်း အဲ့ဒီဖော်ပြချက်မှာ ပါဝင်ပါတယ်။
ပင်လယ်ကွေ့ ဒါမှမဟုတ် အိုမန်ပင်လယ်ကွေ့မှာ ကျောက်ချပြီး မရပ်တန့်ဖို့လည်း IRGC က သတိပေးထားပြီး ရေလက်ကြားကိုလာတဲ့ သင်္ဘောတွေကိုလည်း ရန်သူနဲ့ အပေါင်းအပါတွေအဖြစ် သတ်မှတ်ပြီး ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ သတိပေးထားပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ အီရန်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိတယ်လို့ အီရန်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ဂါလီဘတ်က အခိုင်အမာ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို စစ်ပွဲအဆုံးသတ်ပြီး ဒေသတွင်းငြိမ်းချမ်းမှုတွေရတဲ့ အချိန်ရောက်မှသာ ထိန်းချုပ်မှုတွေကို စွန့်လွှတ်ဖို့ အီရန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအဆင့်မြင့်ကောင်စီက စနေနေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်ကလည်း အီရန်ရဲ့ ဆိပ်ကမ်းတွေနဲ့ ပင်လယ်ကမ်းစပ်နေရာတွေကို ဧပြီ ၁၃ ရက်က စတင်ပိတ်ဆို့ခဲ့တာကြောင့် သင်္ဘော ၂၃ စင်း လှည့်ပြန်ခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
လာမဲ့ရက်တွေမှာလည်း အမေရိကန်က အီရန်နဲ့ ဆက်သွယ်မဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို နိုင်ငံတကာရေပြင်မှာ ထိန်းချုပ်ဖို့ ပြင်နေတယ်လို့ The Wall Street ဂျာနယ်က ဖော်ပြပါတယ်။
ဒီလုပ်ဆောင်မှုဟာ အီရန်ကို လက်နက်တင်ပို့မှုတွေနဲ့ အီရန်ရဲ့ ရေနံတွေ သယ်ယူမှုတွေကို ထိန်းချုပ်နိုင်ဖွယ်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
Source: Reuters










