
ဆော်ဒီအာရေဗျ၊ တူရကီနဲ့ ပါကစ္စတန်နိုင်ငံတို့က အဆင့်မြင့်အရာရှိကြီးတွေဟာ အရှေ့အလယ်ပိုင်း ပဋိပက္ခကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး အောက်တိုဘာ ၂၆ ရက်က အီရန်မြို့တော် တီဟီရန်မြို့မှာ အီရန်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ယီမင်နိုင်ငံထဲက အီရန်ကိုလိုလားတဲ့ ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျနိုင်ငံအပေါ် တိုက်ခိုက်မှုအသစ်တွေ လုပ်လာပြီး အီဂျစ်နိုင်ငံကလည်း ဆော်ဒီအာရေဗျအတွက် ကာကွယ်ရေးဆိုင်ရာ အထောက်အပံ့ပေးဖို့ အတည်ပြုလိုက်ချိန်မှာ ခုလို ဆွေးနွေးကြတာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်ချိန်မှာ စခဲ့တဲ့ စစ်ပွဲက ဆော်ဒီအာရေဗျနဲ့ ယီမင်နိုင်ငံတို့ အထိပါ ကူးစက်ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် အခုဆွေးနွေးပွဲဟာ အီရန်နဲ့ ‘မက္ကာ အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်’ ကို လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံသုံးနိုင်ငံ အကြား ပထမဆုံးအကြိမ် အဆင့်မြင့် ထိတွေ့ဆွေးနွေးမှု ဖြစ်လာပါတယ်။
စစ်ရေးတင်းမာမှုတွေ ပြန်မြင့်တက်လာတာကို တားဆီဖို့ ရည်ရွယ်တဲ့ ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို ဖွင့်လှစ်ဖို့ ဒီခရီးကိုလာခဲ့တာလို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တူရကီနိုင်ငံဘက်က ထောက်လှမ်းရေးအကြီးအကဲ အီဘရာဟင် ကာလင်လည်း ဒီဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆော်ဒီနဲ့ အီရန် အရာရှိတွေက ပြောပါတယ်။
အီရန်သမ္မတ မာဆွတ်ဒ် ပေဇက်ရှ်ကီယန်၊ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီနဲ့ အီရန်အထွတ်အထိပ် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဆန် ရီဇာအီတို့ အစည်းအဝေး တက်နေတဲ့ပုံတွေကို အီရန် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန်နဲ့ ကာတာနိုင်ငံတို့က ဒီစစ်ပွဲမှာ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်နေပါတယ်။ တနင်္ဂနွေနေ့က ကာတာနိုင်ငံက ကြားဝင်စေ့စပ်သူတွေ တီဟီရန်မြို့တော်မှာ ရောက်နေခဲ့တယ်လို့ အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အရင်က ကြိုးပမ်းချက်တွေကြောင့် ဇွန်လမှာ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရခဲ့ပေမဲ့ မကြာမီမှာ အီရန်နဲ့ အမေရိကန်တို့အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။
အဲဒီနောက် အီရန်ဘက်က ရပ်တည်တဲ့ ဟူသီသူပုန်တွေနဲ့ အမေရိကန်ရဲ့ မဟာမိတ် ဆော်ဒီအာရေဗျတို့အကြား ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ပြီး စစ်မျက်နှာသစ်တခု ထပ်ပွင့်သလို ဖြစ်ခဲ့ပါတယ်။
Source: Reuters











