
အီရန်နိုင်ငံက သံတမန်နည်းလမ်းကို မျှော်လင့်ပေမဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အပြည့်အဝ အသင့်ရှိနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခုအပတ်အတွင်း ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေအပြီး တိုက်ပွဲအသစ်တွေ ထပ်ဖြစ်မလာအောင် သံတမန်တွေက တားဆီးဖို့ ကြိုးပမ်းနေတာပါ။
ဒီအချိန်မှာ ပါရှန်းပင်လယ်ကွေ့ဒေသမှာ စစ်ပွဲကနေ လွတ်မြောက်နိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးဖို့ အီရန်ညှိနှိုင်းရေးမှူးတွေက ဒိုဟာမြို့မှာ ကာတာနိုင်ငံက ကြားဝင်စေ့စပ်သူတွေနဲ့ အောက်တိုဘာ ၃၁ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲအကြောင်း သိထားသူတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုအသစ်တွေ လုပ်ဖို့ ဆုံးဖြတ်ချက် မချရသေးပေမဲ့ ပဋိပက္ခကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းချင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက စနေနေ့မှာ ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ နည်းနည်းသာ အသာစီးရထားတဲ့ အမတ်နေရာတွေကို ဆက်ထိန်းထားနိုင်မလား၊ မထိန်းထားနိုင်ဘူးလား ဆိုတာကို ဆုံးဖြတ်ပေးမဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ မတိုင်မီ မကြာသေးမီ သီတင်းပတ်တွေအတွင်း ထရမ့်ပ်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်ဖို့ ဆိုင်းငံ့ထားခဲ့ပါတယ်။
စနေနေ့က ကာတာနိုင်ငံ မြို့တော် ဒိုဟာမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေဟာ သောကြာနေ့က တီဟီရန်မြို့မှာ အီရန်နဲ့ ကာတာ ကိုယ်စားလှယ်တွေရဲ့ ၁၂ နာရီကျော်ကြာ ဆွေးနွေးပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေကို အမေရိကန်အစိုးရနဲ့ ပုံမှန်အဆက်အသွယ်လုပ်ရင်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောပါတယ်။
Source: Reuters











