
အမျိုးသမီးငယ်တွေကို တရုတ်မယားအဖြစ် ရောင်းစားပြီး ငွေကြေးခေါင်းပုံဖြတ် ယူခဲ့ကြသူတွေကို ထောင်ဒဏ်တွေချပြီး တရားခံပြေးတွေလည်း ရှိနေတယ်လို့ အောက်တိုဘာ ၇ ရက်ထုတ် စစ်အာဏာရှင်ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ တာကြီးရပ်ကွက်နေ အမျိုးသမီးတယောက်ကို တအိမ်တည်းနေ အဘိုးဖြစ်သူရဲ့ နောက်အိမ်ထောင် ဒေါ်စန်းမိုး(ခ)မိသဲ က တရုတ်အမျိုးသားနဲ့ တနှစ် ပေါင်းသင်းရင် ငွေကျပ်သိန်း ၉၀ ရရှိမယ်လို့ ပြောဆိုစည်းရုံးခဲ့ပါတယ်။
ပြီးတော့ သူ့သမက်ဖြစ်သူ ကျော်ဝင်းထွန်း(ခ)ဝေလင်း၊ သမီးဖြစ်သူ စိုးသန္တာ(ခ)စိုးသန္တာထွန်းနဲ့ မဝတ်ရည်တို့က မူဆယ်မြို့ကတဆင့် တရုတ်နိုင်ငံကိုပို့ဖို့ ခေါ်ဆောင်လာတာကို စိစစ်ပေါ်ပေါက်တာကြောင့် အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)က တရားလိုအဖြစ် ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှာ ၂၀၂၅ ခုနှစ်က အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှာ ပြင်ဦးလွင်ခရိုင်တရားရုံးက ဖမ်းမိတရားခံ ကျော်ဝင်းထွန်း(ခ)ဝေလင်း ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နဲ့ ထောင်ဒဏ် ၂၃ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်စန်းမိုး(ခ)မိသဲ၊ မဝတ်ရည်နဲ့ စိုးသန္တာ (ခ)စိုးသန္တာထွန်း တို့ကိုတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရေသရောက်ကုန်းကျေးရွာနေ အမျိုးသမီးတယောက်ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်နေ မရတနာဦး(ခ)မရတီမိုင်း နဲ့ ခင်ပွန်းဖြစ်သူ ပြည့်ဖြိုးမောင်တို့က ထမင်းချက်အလုပ်ရှိကြောင်း၊ တလ ငွေကျပ် ၂၅ သိန်းရမယ်လို့ TikTok အကောင့်ကတဆင့် ပြောဆိုစည်းရုံး ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ထမင်းချက်အလုပ်မခိုင်းဘဲ စားသောက်ဆိုင်တွေမှာ စာပွဲထိုးလျှောက်ခိုင်းတာ၊ အမျိုးသားတွေနဲ့ ဝိုင်းထိုင်ခိုင်းတာ၊ အမျိုးသားတွေနဲ့ ပြင်ပကိုလိုက်ပြီး ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရမယ်လို့ ပြောတာကြောင့် ထွက်ပြေးခဲ့ပေမဲ့ အခန်းတွင်း ပိတ်လှောင်ထားတာကြောင့် မိဘတွေဆီကနေ ငွေကျပ် ၅ သိန်းတောင်းခံပြီး မရတနာဦး(ခ)မရတီမိုင်းနဲ့ ပြည့်ဖြိုးမောင် တို့ကိုပေးပြီး အိမ်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအမှုကို အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)က တရားလိုလုပ်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှာ ၂၀၂၆ ခုနှစ်အတွင်း အမှုဖွင့်ပြီးနောက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှာ မဟာအောင်မြေခရိုင်တရားရုံးက ဖမ်းမိတရားခံ မရတနာဦး(ခ)မရတီမိုင်း နဲ့ ပြည့်ဖြိုးမောင်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။











