DVB Logo
Home
နိုင်ငံတကာ
မြန်မာနယ်စပ်၌ ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် လူကုန်ကူးဂိုဏ်းတို့ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦးသေဆုံး
DVB
·
November 6, 2026
Photo: ISPR
Photo: ISPR
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၊ တက္ကနဖ်မြို့နယ်၊ ရင်ဂီခါလီတောင်ကုန်းဒေသမှာ လက်နက်ကိုင် လူကုန်ကူးဂိုဏ်းတခုနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားတယောက် ကျဉ်ထိမှန်သေဆုံးကာ လူ ၅၇ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ISPR ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာတွေက ရေးပါတယ်။

နိုဝင်ဘာ ၅ ရက် ညနေပိုင်းမှာ လူဦးရေ ၁၆ ယောက်ပါတဲ့ လူကုန်ကူးဂိုဏ်းအဖွဲ့တခုဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၂၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ထောက်လှမ်းရေးက သတင်းရပြီးနောက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ အမှတ် ၁၀ ခြေလျင်တပ်မ၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နဲ့ ဒေသခံရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးဌာန (ISPR) က ပြောပါတယ်။

မြန်မာနယ်စပ်ရှိ ရင်ဂီခါလီ တောင်ကုန်းဒေသမှာ ပြုလုပ်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးအတွင်း လူကုန်ကူးဂိုဏ်းနဲ့ ပူးပေါင်းတပ်တို့အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က စစ်သားတယောက် ကျဆုံးခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၅၇ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ISPR က ပြောပါတယ်။

ဒါ့အပြင် လူကုန်ကူးဂိုဏ်း တပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းဆီးရမိခဲ့သလို ပစ္စတိုတလက်၊ ပြည်တွင်းလုပ် လက်နက်တလက်နဲ့ ကျည်ဆန် ၄ တောင့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က အသက် ၂၇ နှစ်အရွယ် စစ်သား တီတပ်စ် ရှိတ်ခ်ဟာ သူ့ရဲ့ပခုံးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ရာမူးမြို့ စစ်ဘက်ဆိုင်ရာဆေးရုံမှာ သေဆုံးခဲ့တာလို့ ISPR က အတည်ပြု ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ပွဲတွင်း သေဆုံးသွားတဲ့ စစ်သားရဲ့ အချက်အလက်တွေကို ISPR က ထုတ်ပြန်ထားတာမျိုး မရှိပေမဲ့ ဒေသတွင်း သတင်းတွေကတော့ ဖာရီဒ်ပူရ်ခရိုင်၊ နာဂါကန်ဒါမြို့နယ်၊ လက်စ်ကာဒီယာ ကျေးရွာက အာဖ်ဇယ် ဟိုစိန်ရဲ့ သားဖြစ်သူလို့ ဖော်ပြကြပါတယ်။

တိုက်ပွဲအတွင်း သေဆုံသွားတဲ့ တီတပ်စ်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၆ ရက် ဒီကနေ့မှာ မိသားစုထံကို ပို့ဆောင်ပေးသွားမှာဖြစ်ပြီး တိုက်ပွဲတွင်း ကျဆုံးသွားမှုအပေါ် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရကာ တာဝန်ထမ်းဆောင်စဉ် အသက်ပေးခဲ့တဲ့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ဂုဏ်ပြုတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အခုစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ကော့ဇ်ဘဇားခရိုင် ရဲတပ်ဖွဲ့မှူး အေအင်အက်စ် ဆာဂျီဒူရ် ရာမန်က “ပူးပေါင်းစစ်ဆင်ရေးကို တောင်ကုန်းဒေသတွေမှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ စစ်ဆင်ရေးပြီးဆုံးတဲ့အခါ အသေးစိတ် အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးပါမယ်” လို့ မီဒီယာတွေကို ပြောပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်တွေအရ လူကုန်ကူးဂိုဏ်းဟာ လူ ၅၀ ကျော်ကို တောင်ကုန်းပေါ်ရှိ ပုန်းခိုရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ပင်လယ်ရေကြောင်းကတဆင့် မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ ရည်ရွယ်ထားတာလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

အခု လူကုန်ကူးဂိုဏ်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်သူ ၂ ယောက်ဖြစ်တဲ့ မိုဟာမက် အာလမ် နဲ့ မိုဟာမက်ဆက်ဒမ် တို့လည်း ပါဝင်ပတ်သက်တယ်လို့ ဒေသခံရင်းမြစ်တွေက ပြောပါတယ်။

Ref: The Business Standard၊ Dhaka Tribune

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013