
အရေပြားကင်ဆာ ပြန်ဖြစ်နိုင်ခြေ မြင့်မားတဲ့ လူနာတွေမှာ လူတယောက်ချင်းစီအတွက် သီးသန့်ဖန်တီးထားတဲ့ ကာကွယ်ဆေးနဲ့ ကင်ဆာကုသဆေးကို တွဲဖက်သုံးစွဲတဲ့အခါ ရောဂါပြန်ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
ဆေးကုမ္ပဏီတွေဖြစ်တဲ့ Merck နဲ့ Moderna တို့ ပူးပေါင်းဖန်တီးတဲ့ Intismeran ကာကွယ်ဆေးကို ခွဲစိတ်ကုသပြီးသား melanoma အရေပြားကင်ဆာလူနာ ၁,၀၀၀ ကျော်မှာ တတိယမြောက်အဆင့် အနေနဲ့ စမ်းသပ်ခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို Keytruda လို့ခေါ်တဲ့ ကိုယ်ခံအားမြှင့် ကင်ဆာဆေးနဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။
ဆေးနှစ်မျိုးတွဲသုံးတဲ့ လူနာတွေဟာ ကီးထရူဒါ တမျိုးတည်း သုံးသူတွေထက် ကင်ဆာကင်းစင်တဲ့ကာလ ပိုရှည်လာပြီး တခြားကိုယ်အင်္ဂါတွေဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း သိသိသာသာ လျော့ကျခဲ့ပါတယ်။
ဒီကာကွယ်ဆေးကို လူနာတယောက်ချင်းစီရဲ့ ကင်ဆာအကျိတ် DNA ပြောင်းလဲမှုတွေကို စစ်ဆေးပြီး mRNA နည်းပညာနဲ့ သီးသန့်ဖန်တီးထားပါတယ်။
ဒါကြောင့် လူနာရဲ့ ကိုယ်ခံအားစနစ်က ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေကို မှတ်မိပြီး သီးသန့် ပစ်မှတ်ထား တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေးပါတယ်။
ဓာတုကုထုံးက ကျန်းမာတဲ့ဆဲလ်တွေနဲ့ ကင်ဆာဆဲလ်တွေကိုပါ ထိခိုက်စေနိုင်ပေမဲ့ ဒီကာကွယ်ဆေးကတော့ လူနာရဲ့အကျိတ်မှာရှိတဲ့ သီးခြား DNA ပြောင်းလဲမှုတွေကို ပစ်မှတ်ထားဖို့ ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စမ်းသပ်မှုရလဒ် အပြည့်အစုံကို မထုတ်ပြန်ထားသေးသလို လွတ်လပ်တဲ့ ပညာရှင်တွေကလည်း စိစစ်သုံးသပ်ရခြင်း မရှိသေးတာကြောင့် သတိထားဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
လက်ရှိမှာတော့ ကုမ္ပဏီနှစ်ခုဟာ အဆုတ်၊ ဆီးအိမ်နဲ့ ကျောက်ကပ်ကင်ဆာတွေအတွက်လည်း အလားတူ လူတယောက်ချင်းစီအလိုက် ကင်ဆာကာကွယ်ဆေးတွေကို ဆက်လက် စမ်းသပ်နေပါတယ်။
Source: Reuters











