
စစ်အာဏာရှင်လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ (NSPNC)နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ ဇူလိုင် ၂၇ ရက်က နေပြည်တော်မှာ တွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အပစ်ရပ်ထားတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ALP) အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်ရဲ့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီနေ့အချိန်ဟာ အခွင့်ကောင်း၊ အချိန်ကောင်းဖြစ်ပြီး ပြည်သူအကျိုးကို ရှေးရှုပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက ပြောပါတယ်။
“ပြည်သူလူထုကို ငြိမ်းချမ်းတဲ့ အမိုးအကာအောက်မှာ နေထိုင်နိုင်ဖို့ ဆွေးနွေးနေခြင်း ဖြစ်တယ်၊ ၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို လျှောက်လှမ်းခဲ့ပြီး NCA ကြိုးပမ်းစဉ်တလျှောက်လုံး ရှေ့တန်းကပါဝင်ပြီး ယနေ့အချိန်အထိ ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်တယ်၊ ပဋိပက္ခတွေရပ်တန့်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးခြင်း ဖြစ်တယ်၊ NCA စာချုပ်ပါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးရလဒ်တွေနဲ့အညီ ကြိုးစားဖို့ အချိန်ကျနေပြီဖြစ်တယ်၊ ဒီနေ့အချိန်ဟာ အခွင့်ကောင်း၊ အချိန်ကောင်း ဖြစ်တယ်။ ပြည်သူလူထုအကျိုးကိုရှေးရှုပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆက်လက်ကြိုးပမ်းသွားမယ်။”
ဒီဆွေးနွေးပွဲကို ALP ဥက္ကဋ္ဌ စောမြရာဇာလင်း၊ အတွင်းရေးမှူး စောမြသန္တာ၊ တွဲဖက်အတွင်းရေးမှူး (၁) ခိုင်သူရိန်စိုးတင့်၊ ဗဟိုကော်မတီဝင် ခိုင်မောင်သိန်းဦးနဲ့ ခိုင်ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။
စစ်အာဏာရှင်တပ်နဲ့ တိုက်ခိုက်တာ လုံးဝမရှိတဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ALP) နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးနေပေမဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်အာဏာရှင်တပ်က နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။
မြောက်ဦးဒေသခံ နိုင်ငံရေးစစ်ရေးစောင့်ကြည့်သူ တယောက်က “ALP နဲ့ စစ်တပ်က အတူတူနေတာပါ။ သူတို့မှာ ငြိမ်းချမ်းပြီးသားလေ အဓိကတိုက်နေရတာက အာရက္ခတပ်တော် (AA) ပါ။ အမှန်က ရခိုင်ပြည် ငြိမ်းချမ်းရေးလိုချင်ရင် AA နဲ့ စစ်မဖြစ်မှ ရမယ်။ ALP က စစ်တွေကလွဲရင် ဘာလုပ်လို့ရလို့လဲ”လို့ ပြောပါတယ်။
မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရတုန်းက သေဆုံးသွားတဲ့ လူနာရဲ့ ဆွေမျိုးတယောက်က “ရခိုင်ပြည်သူ ၉၀ ရာနူန်းက ALP ကို မုန်းတီးနေတာပါ။ ရေဘေး၊ လေကြောင်းကဗုံးကြဲလို့ အဲဒီလောက် လူသေတာ။ သူတို့ဘက်က ဘာထုတ်ပြန်ချက်တစောင် ထုတ်ပြန်ဖူးလဲ။ သူတို့ပါးစပ်က ငြိမ်းချမ်းရေးထွက်တာ မရှက်ဘူးလား”လို့ ပြောပါတယ်။
နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို မှတ်တမ်းတင်ပြီး အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။










