အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ပေါ်လာတဲ့ အနှောင့်အယှက်တွေကို ကြုံရပြီးတဲ့နောက်မှာ မလေးရှားနဲ့ ဩစတြေးလျတို့ ၂ နိုင်ငံဟာ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။
အဲဒီအချိန်မှာ မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ ပက်ထရိုနာ့စ်ဟာ သူ့ရဲ့ ပိုလျှံ လောင်စာဆီတွေနဲ့ ထောက်ပံ့ရာမှာ သြစတြေးလျကို ဦးစားပေးမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဧပြီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
စိုက်ပျိုးရေးနဲ့ လောင်စာကုန်သွယ်မှု မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီနဲ့ ဆွေးနွေးအပြီးမှာ ပက်ထရိုနာ့စ်ဆီကနေ အာမခံချက် ရခဲ့တယ်လို့ အန်ဝါက ပြောပါတယ်။
ဩစတြေးလျအစိုးရက အစားအစာနဲ့ စွမ်းအင်အထောက်အပံ့တွေကို မြှင့်တင်ရေး ကြိုးစားနေချိန်မှာ စင်ကာပူနဲ့ ဘရူနိုင်းဆီ ခရီးစဉ်တွေ သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း မလေးရှားက အယ်လ်ဘန်နီရဲ့ အရှေ့တောင်အာရှ တတိယမြောက်ခရီးစဉ် ဖြစ်ပါတယ်။
အနှောင့်အယှက်တွေ ရှိနေပေမဲ့ သြစတြေးလျက မလေးရှားနဲ့ လက်ရှိစာချုပ်တွေကို လိုက်နာဖို့ ကတိပြုခဲ့တယ်လို့ အယ်လ်ဘန်နီက ပြောပါတယ်။
သြစတြေးလျက မလေးရှားဆီ သဘာဝဓာတ်ငွေ့ အဓိက ထောက်ပံ့ပေးသူဖြစ်ပြီး ပြည်တွင်းဖြန့်ဖြူးမှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို တင်သွင်းတဲ့အပြင် ဂျုံ၊ သိုးသားနဲ့ အမဲသား ထုတ်ကုန်တွေကိုလည်း ထောက်ပံ့ပေးသူပါ။
အန်ဝါနဲ့ အယ်လ်ဘန်နီတို့ဟာ ဟာလာလ်အသား ကုန်သွယ်မှုဆိုင်ရာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
ဩစတြေးလျခေါင်းဆောင်က ဒီသဘောတူညီချက်ဟာ နိုင်ငံရဲ့ အနီရောင်အသားတွေ တင်ပို့မှုကို မြှင့်တင်ပေးမှာဖြစ်ပြီး မလေးရှားရဲ့ စားနပ်ရိက္ခာဖူလုံရေးကို ပံ့ပိုးပေးမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










