DVB Logo
Home
မြန်မာသတင်း

UNHCR ဒုက္ခသည်မှတ်ပုံတင်နှင့် အထောက်အထားထုတ်ပေးမှုများ မလေးရှား ရပ်ဆိုင်း 

DVB
·
November 19, 2026
Photo: UNHCR Malaysia 
Photo: UNHCR Malaysia 
Donate to DVB

မလေးရှားနိုင်ငံမှာ ရောက်ရှိနေထိုင်တဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)  က မှတ်ပုံတင်ပေးတာနဲ့ စာရွက်စာတမ်း ထုတ်ပေးတာတွေကို ရပ်နားလိုက်ပြီးလို့ UNHCR Malaysia က နိုဝင်ဘာ ၁၈ ရက် သတင်းထုတ်ပြန်ပါတယ်။ 

ဒီလိုရပ်ဆိုင်းလိုက်ရတာဟာ မလေးရှားအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့်လို့ ဆိုပါတယ်။  မလေးရှားအစိုးရအနေနဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို အစိုးရကိုယ်တိုင် ဦးဆောင်တဲ့ မှတ်ပုံတင်ရေးအစီအစဉ်အောက်ကနေပဲ လုပ်ဆောင်သွားတော့မယ်လို့ ဆုံးဖြတ်တာကြောင့် UNHCR က အခုလို လုပ်ငန်းရပ်နားလိုက်တာပါလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

UNHCR ဘက်ကတော့ မလေးရှားအစိုးရ ဦးဆောင်တဲ့ ခိုလှုံခွင့်စီမံခန့်ခွဲမှုစနစ် ပိုခိုင်မာလာအောင် အပြည့်အဝ ထောက်ခံတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ ဒုက္ခသည်တွေ အကာအကွယ်မဲ့ မဖြစ်သွားစေဖို့အတွက် တဖြည်းဖြည်းချင်းနဲ့ လက်တွေ့ကျကျ အသွင်ကူးပြောင်းနိုင်မဲ့ လမ်းပြမြေပုံတခုကို မလေးရှားအစိုးရဆီ အဆိုပြုထားပြီး ဆက်လက်ဆွေးနွေးညှိနှိုင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။ 

အဲဒီလမ်းပြမြေပုံထဲမှာ ဒုက္ခသည်တွေအတွက် သင့်တော်တဲ့ အကာအကွယ်အစီအမံတွေ၊ သတင်းအချက်အလက် ဖြန့်ဝေမှုတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးတွေကို အဓိက ထည့်သွင်းထားပါတယ်။

မှတ်ပုံတင်လုပ်ငန်းတွေ ရပ်လိုက်ပေမဲ့ UNHCR အနေနဲ့ မလေးရှားအစိုးရကို နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်တွေနဲ့ အတွေ့အကြုံတွေ ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

တတိယနိုင်ငံကို ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွေနဲ့ အရေးပေါ် အကာအကွယ်ပေးဖို့ လိုအပ်နေတဲ့ ဒုက္ခသည်တွေကို ကူညီပံ့ပိုးပေးတဲ့ အလုပ်တွေကိုတော့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားဦးမှာလို့ UNHCR Malaysia က ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာရှိတဲ့ UNHCR ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံက ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၁၇၀,၀၀၀ ကျော် ရှိပါတယ်။

ဒါဟာ မလေးရှားနိုင်ငံတဝန်းမှာ UNHCR က တရားဝင် မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်စုစုပေါင်း ၂သိန်းနီးပါးရဲ့ ၈၅ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။

မြန်မာဒုက္ခသည်တွေထဲမှာ အများဆုံးက ရိုဟင်ဂျာတွေ ဖြစ်ပြီး ချင်းလူမျိုးတွေက ဒုတိယအများဆုံးလို့ သိရပါတယ်။ 

UNHCR မှာ မှတ်ပုံမတင်ရသေးဘဲ တရားမဝင် နေထိုင်နေရတဲ့ မြန်မာဒုက္ခသည်အရေအတွက်ကလည်း သောင်းနဲ့ချီပြီး ထပ်ရှိနေနိုင်သေးတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013