မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီတွင် အခြေချနေထိုင်ခွင့်ပေးမည်

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် အယောက် ၁၀,၀၀၀ ကို လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအစီအစဉ်တွေကတဆင့် တူရကီနိုင်ငံမှာ ပြန်လည်အခြေချ နေထိုင်ခွင့်ပေးဖို့ မလေးရှား အစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ နို၀င်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
တူရကီနိုင်ငံကို တရားဝင် အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့အပြီးမှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလို့ မလေးရှားဒုဝန်ကြီးချုပ်လည်းဖြစ် ကျေးလက်နဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးလည်းဖြစ်တဲ့ အာမက်ဇာဟစ် ဟာမီဒီက ထုတ်ပြန်ပြောပါတယ်။
နိုင်ငံခြားသား အလုပ်သမားဆိုင်ရာအစိုးရအဖွဲ့ ကော်မတီ (JKKPA) ရဲ့ ဥက္ကဋ္ဌအနေနဲ့ မလေးရှား ရောက် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အရေးကို ပိုပြီး စနစ်တကျနဲ့ လူသားချင်း စာနာထောက်ထားမှု ရှိရှိ ဖြေရှင်းနိုင်ဖို့ အခုအဆိုပြုချက်ကို တင်သွင်းခဲ့တာလို့ ဆိုပါတယ်။
ဒုက္ခသည် ၁၀,၀၀၀ ကို လက်ခံဖို့ တူရကီအစိုးရဘက်က သဘောတူလိုက်တဲ့အပေါ်မှာလည်း ကြိုဆိုကြောင်းနဲ့ ဒါဟာ မလေးရှားရဲ့ ရွှေ့ပြောင်းနေထိုင်သူ စီမံခန့်ခွဲမှုနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရေရှည်ဖြေရှင်းနိုင်မဲ့ အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအစီအစဉ်အရ ရိုဟင်ဂျာဒုက္ခသည်တွေဟာ အချိန် ၃ လ ကနေ ၆ လ အထိ ကြာမြင့်မဲ့ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာရေးသင်တန်း (TVET) တွေကို တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီသင်တန်းတွေမှာ တူရကီနိုင်ငံရဲ့ လုပ်ငန်းနယ်ပယ် အသီးသီးက အလုပ်ရှင်တွေ တကယ်လိုအပ် နေတဲ့ လက်တွေ့အသုံးချ ကျွမ်းကျင်မှုတွေကို အဓိကထား သင်ကြားပေးသွားမှာလို့ ဆိုပါတယ်။
သင်တန်းပြီးသွားရင်တော့ သူတို့အနေနဲ့ တူရကီနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အလုပ်အကိုင်တွေ ရရှိပြီး ဘဝသစ်ကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်သလို တူရကီစီးပွားရေးကို လည်း အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ လမ်းညွှန်ချက်တွေနဲ့လည်း ကိုက်ညီပါတယ်။
လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို လေးစားလိုက်နာရင်း တဖက်မှာလည်း လူသားချင်း စာနာထောက်ထားမှု အပိုင်းကို ထည့်သွင်းစဉ်းစားပြီး ဒုက္ခသည်တွေ ကိုယ်ပိုင်အရည်အချင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် လမ်းဖွင့်ပေးလိုက်တာလို့ ဆိုပါတယ်။
လက်တွေ့ အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ မလေးရှားအစိုးရဟာ တူရကီ အာဏာပိုင်တွေ၊ UNHCR နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူရွေးချယ်တာ၊ သင်တန်းပေးတာ၊ စာရွက်စာတမ်း ပြင်ဆင်တာနဲ့ အခြေချနေထိုင်ရေး ကိစ္စတွေကို စနစ်တကျ ဆောင်ရွက်သွားမှာလို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ လုပ်ငန်းခွင် လိုအပ်ချက်၊ ကာယကံရှင် ဒုက္ခသည်တွေရဲ့ သဘောဆန္ဒနဲ့ နိုင်ငံတကာစည်းမျဉ်းဥပဒေတွေကို အခြေခံသွားမယ်လို့ သိရပါတယ်။
မလေးရှားနဲ့ တူရကီ ၂ နိုင်ငံကြားက ခိုင်မာတဲ့ ဆက်ဆံရေးကြောင့် အခုလို ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ တခြားနိုင်ငံတွေ အတွက်လည်း ဒုက္ခသည်အရေး စနစ်တကျ ဖြေရှင်းနိုင်မယ့် စံပြပုံစံတခု ဖြစ်လာနိုင်တယ်လို့ မလေးရှားဘက်က သုံးသပ်ထားပါတယ်။
Photo: Reuters











