DVB Logo
Home
နိုင်ငံတကာ
Megaspeed မလေးရှားဌာနခွဲက AI ချစ်ပ်ပြားများကို တဆင့်ပြန်တင်ပို့ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးခံနေရ 
DVB
·
November 15, 2026
Photo: Reuters
Photo: Reuters
Donate to DVB

Cloud computing ကုမ္ပဏီ Megaspeed ရဲ့ မလေးရှားဌာနခွဲက တင်သွင်းလာတဲ့ AI ချစ်ပ်ပြားတွေကို တခြားနိုင်ငံတွေဆီ ပြန်လည်တင်ပို့ခြင်းရှိ၊ မရှိ မလေးရှားနိုင်ငံက စုံစမ်းစစ်ဆေးနေတယ်လို့ နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ်တယောက်က အဲဒီကုမ္ပဏီဟာ အဆင့်မြင့် ဆီမီးကွန်ဒတ်တာ ချစ်ပ်ပြားတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ထိန်းချုပ်ကန့်သတ်ချက်တွေကို ရှောင်လွှဲဖို့ အသုံးပြုခံရတာ ဖြစ်နိုင်တယ်လို့ စွပ်စွဲပြောဆိုပြီးနောက်မှာ အခုလို စုံစမ်းစစ်ဆေးမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Megaspeed ရဲ့ မလေးရှားနိုင်ငံရှိ ဌာနခွဲဖြစ်တဲ့ Speedmatrix ဟာ ဒေတာစင်တာတခုမှာ နေရာငှားရမ်း အသုံးပြုသူအနေနဲ့ ဆာဗာတွေနဲ့ AI ချစ်ပ်ပြားတွေကို တင်သွင်းခဲ့တာဖြစ်ပြီး၊ သူတို့ရဲ့ လုပ်ငန်းခွင်နေရာတွေကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တာဟာ သက်ဆိုင်ရာကဏ္ဍအပေါ် ပုံမှန်စောင့်ကြည့်စစ်ဆေးမှု လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်လို့ မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီချစ်ပ်ပြားတွေကို တခြားနိုင်ငံတွေဆီ ပြန်လည်တင်ပို့ခဲ့ခြင်း ရှိ၊ မရှိနဲ့ တကယ်လို့ ပြန်လည်တင်ပို့ခဲ့တယ် ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိကို အကောက်ခွန်ဌာနနဲ့ ပူးပေါင်းပြီး စိစစ်ဖော်ထုတ်နေတယ် လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး အမေရိကန်ထုတ် စွမ်းဆောင်ရည်မြင့် AI ချစ်ပ်ပြားတွေ ရွှေ့ပြောင်းသယ်ယူမှုအပေါ် ပို့ကုန်ထိန်းချုပ်မှုတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီပစ္စည်းတွေကို တခြားနိုင်ငံဆီ ပြန်လည်တင်ပို့တာ၊ တဆင့်ခံသင်္ဘောပြောင်းတင်တာ၊ ဒါမှမဟုတ် နိုင်ငံဖြတ်ကျော် သယ်ဆောင်တာတွေ လုပ်မယ်ဆိုရင် ကုန်သွယ်ခွင့်ပါမစ် လိုအပ်မှာဖြစ်ပြီး၊ အကောက်ခွန်ဌာနကို ကုန်ပစ္စည်းဆိုင်ရာ အချက်အလက်အမှားတွေ ပေးပို့မယ်ဆိုရင် ပြစ်မှုမြောက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံဆီ AI ချစ်ပ်ပြားတွေ တင်ပို့မှုကို ကန့်သတ်ပိတ်ပင်ထားပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးဖို့ အီးမေးလ်ကနေ တောင်းဆိုထားပေမဲ့ Megaspeed ကုမ္ပဏီဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။

နိုဝင်ဘာ ၁၂ ရက်က ရာထူးကနေ နုတ်ထွက်သွားတဲ့ အမေရိကန် AI ချစ်ပ်ပြား ထုတ်လုပ်ရေးကုမ္ပဏီ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဟောင်း ဂျန်ဆန်ဟွမ်နဲ့ Megaspeed ရဲ့ အမှုဆောင်အရာရှိဟောင်းတို့အကြား ဆက်နွှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် စင်ကာပူအခြေစိုက် Megaspeed ကုမ္ပဏီဟာ စောင့်ကြည့် စစ်ဆေးခံနေရပါတယ်။

အဲလစ်စ်ဟွမ်ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့တယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပေမဲ့ တရုတ်နိုင်ငံကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

Megaspeed ကုမ္ပဏီကတော့ သူတို့အနေနဲ့ အမေရိကန်ရဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာမှုဆိုင်ရာ တာဝန်ဝတ္တရားတွေကို "အလွန်အလေးအနက်" ထားရှိဆောင်ရွက်နေတယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013