DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်အတွက်  “၈၁ အတွက် ၈၁” ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုလုပ်မည်
DVB
·
May 26, 2026
ဒေါ်အောင်ဆန်းစုကြည်အတွက်  “၈၁ အတွက် ၈၁” ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုလုပ်မည်
Donate to DVB

လာမဲ့ ဇွန်လအတွင်းမှာ အသက် ၈၁ နှစ် ပြည့်တော့မဲ့ အကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကမ္ဘာတဝန်းက ပြည်သူတွေ အတူတကွ ပူးပေါင်းပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်းနဲ့ စက်ဘီးစီးခြင်း စတဲ့ “၈၁ အတွက် ၈၁” ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က ဒီကနေ့ မေ ၂၆ ရက်မှာ လူမှုကွန်ရက်ကတဆင့် ပြောပါတယ်။

မိခင်ဖြစ်သူဟာ ဒီနေ့ထက်ထိ ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ် ဖြတ်တောက်ခံထားရပြီး ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တာကြောင့် သူ အသက်ရှင်နေကြောင်း ယုံကြည်စိတ်ချရတဲ့ သက်သေ (Proof of Life)ကို စစ်အာဏာရှင်အနေနဲ့ အမြန်ဆုံး ပြသပေးဖို့လည်း ကင်မ်က လှုပ်ရှားမှုမျိုးစုံလုပ်ပြီး တောင်းဆိုနေပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဒါမှမဟုတ် ကုလသမဂ္ဂရဲ့ အဓမ္မဖျောက်ဖျက်ခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့ (UN WGEID) လို လွတ်လပ်အမှီအခိုကင်းတဲ့ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ နေထိုင်ရပုံကို အတည်ပြုမပေးမချင်း စစ်အာဏာရှင်ဘက်က ပြောဆိုနေတာတွေကို မယုံကြည်နိုင်ဘူးလို့လည်း ကင်မ်အဲရစ်က ထောက်ပြထားပါတယ်။

ဒီလိုတောင်းဆိုမှုတွေ ဆက်တိုက်ရှိနေပေမဲ့ စစ်အုပ်စုဘက်ကတော့ ရက်စွဲအတိအကျ မထုတ်ပြန်ထားတဲ့ မရေရာတဲ့ ဓာတ်ပုံတချို့ကိုသာ ဝါဒဖြန့်ခဲ့ပြီး အသက်ရှင်နေကြောင်း သက်သေတစုံတရာကိုတော့ ဒီကနေ့အထိ ပြသခြင်း မရှိခဲ့ပါဘူး။

၂၀၂၁ ခုနစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်က အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု အပါအဝင် တဖက်သတ် စွဲချက်တွေနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ၂၇ နှစ်ကို လျှော့ချခဲ့ပြီး သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာတဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်သစ်ကူး လွတ်ငြိမ်းခွင့်မှာ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေါ့ပေးခဲ့သလို ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့မှာ နောက်ထပ် ၆ ပုံ ၁ ပုံ ပြစ်ဒဏ်ကို ထပ်မံလျှော့ပေါ့ပေးခဲ့တာမှာ ထောင်ဒဏ် ၁၈ နှစ်နဲ့ ၉ လလောက် ကျန်ရှိနေသေးတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်ကျခံရပြီးကတည်းက သူ့ရဲ့ရှေ့နေတွေ အပါအဝင် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတာဖြစ်ပြီး အကျဉ်းသားအခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့လည်း ထောင်ဝင်စာတွေ့ခွင့်မရတဲ့ အခြေအနေ ဖြစ်နေခဲ့တာပါ။

ဒါကြောင့် လာမဲ့ ဇွန်လမှာ အသက် ၈၁ နှစ် ရောက်ရှိမဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြုလုပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံနေရသူတွေ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာကလည်း လတ်တလော တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013