
ရက် ၁၀၀ စီမံချက်အတွင်း မှတ်ပုံတင်ကြားခံလုပ်ပေးနေတဲ့ ပွဲစားတွေကို အရေးယူနေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ လဝကဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာ လဝကရုံးတွေမှာ ပွဲစားတွေရှိနေပြီး ဝန်ထမ်းတွေနဲ့ ချိတ်ဆက်လုပ်ပေးနေတယ်လို့ ပြည်သူလူထုက တုံ့ပြန်ပြောပါတယ်။
လဝကဝန်ကြီးဌာနက လူမှုကွန်ရက်နဲ့ လဝကရုံးတွေမှာ မှတ်ပုံတင်ပြုလုပ်ပေးနေတဲ့ ကြားခံပွဲစားတွေကို အမှုဖွင့် အရေးယူနေသလို၊ လူမှုကွန်ရက်ပေါ်မှာ မှတ်ပုံတင်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို သတိထားဖို့ မေ ၄ ရက်ညက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
လဝကဝန်ကြီးဌာနက ထုတ်ပြန်နေပေမဲ့ လဝကရုံးတွေမှာ ရုံးဝန်ထမ်းနဲ့ ပွဲစားတွေပေါင်းပြီး မှတ်ပုံတင် သွားရောက်လုပ်ကိုင်သူတွေကို နည်းအမျိုးမျိုးနဲ့ ပညာပြ ငွေကြေးတောင်းခံနေဆဲ ဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ပွဲစားတွေ ဖမ်းတယ်ဆိုတာ အပိုပြောတာ။ မြောက်ဥက္ကလာ လဝကရုံးရှေ့ လာကြည့်လိုက်၊ ပွဲစား ၄၀ လောက်ရှိတယ်။ တိုက်နယ်မှူးတွေ မွေးထားတာ။ လဝကရုံးရှေ့က လက်ဖက်ရည်ဆိုင်ဆို ပွဲစားတွေရဲ့ ရုံးခန်းလိုတောင် ဖြစ်နေပြီ။”
လူမှုကွန်ရက်ပေါ်မှာ မှတ်ပုံတင်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဆိုတာကလည်း လဝကဝန်ထမ်းတွေ ပါဝင်ပြီး ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရတာလို့ သာကေတမြို့ခံတယောက်က DVB ကို ပြောပါတယ်။
“တကယ်တမ်း ဖမ်းမယ်ဆို လဝကဝန်ထမ်းကို အရင်စစ်ဆေးပြီးမှ ဖမ်းရမှာ။ ဘာလို့လဲဆိုတော့ သာကေတရုံးမှာ လဝကတိုက်နယ်မှူးက မှတ်ပုံတင်သွားလုပ်ရင် ပိုက်ဆံရှိတဲ့သူဆို ရုံးကိုမလာနဲ့ viber က စာပို့ပေးမယ်၊ အဲဒီလူကို ဆက်သွယ်လိုက်၊ အဲဒီလိုလုပ်တာ။ လိုင်းပေါ်က မှတ်ပုံတင်ဝန်ဆောင်မှု ဆိုတာကလည်း ဝန်ထမ်းမပါဘဲ လုပ်လို့မရဘူး။”
လဝကရုံးတွေမှာ မှတ်ပုံတင် လာလုပ်သူတွေကို ဝန်ထမ်းတွေက နည်းမျိုးစုံနဲ့ရစ်ကာ ပွဲစားတွေဆီ တွန်းပို့တဲ့ အကျင့်ဆိုးကြောင့် အခုလိုဖြစ်စဉ်တွေ ဖြစ်လာပြီး ပပျောက်ချင်ပါက ပြည်သူလူထုကို မေတ္တာထားပြီး လုပ်ငန်းစဉ်ရှင်းပြကာ မှတ်ပုံတင်ရအောင် လုပ်ပေးရမှာလို့ ရွှေပြည်သာမြို့ခံတယောက် သုံးသပ်ပြောဆိုပါတယ်။
“ဝန်ထမ်းက ကိုယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်ရင် ဒီပြဿနာတွေ မဖြစ်လာဘူး။ ပြီးတော့ လဝကဝန်ထမ်းအများစုက ပြည်သူလူထုအပေါ် စိတ်မရှည်ဘူး၊ အော်မယ် ဟောက်မယ် ဆဲမယ် ဆိုတာ များတယ်။ မှတ်ပုံတင်တခုရဖို့ ကိုယ့်ဘက်က ဘယ်လောက်ပြည့်စုံနေပါစေ၊ ငွေမရသရွေ့ လဝကဝန်ထမ်းတွေက မလုပ်ပေးဘူး။ သူတို့က မလုပ်ပေးတော့ နားမလည်တဲ့ ပြည်သူတွေက ပွဲစားဆီ ရောက်သွားရော။ ရွှေပြည်သာမှာ မှတ်ပုံတင်တခု ၁၀၀,၀၀၀ အထိ ပေးရတယ်” လို့ ပြောပါတယ်။
ရန်ကုန်တွင် မှတ်ပုံတင်ပြုလုပ်ရာမှာ ပွဲစားဈေးကွက်ရှိပြီး အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်ဆို ၅၀,၀၀၀ ကျပ်၊ အသက် ၁၈ နှစ်ပြည့် သုံးသောင်းမှ ၁၀၀,၀၀၀ ကျပ်၊ အသက် ၁၈ နှစ်ပြည့် လဲလှယ် ၅၀,၀၀၀မှ ၇၀,၀၀၀ကျပ်၊ ပုံစံ ၁၀ အဝင်/ပုံစံ ၁၀ အထွက် ၇၀,၀၀၀ မှ ၁၅၀,၀၀၀၊ မွေးတိုး ၆၀,၀၀၀ မှ ၁၀၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိပါတယ်။
လဝကဝန်ကြီးဌာနက မည်သို့ပင် အမိန့်ကြေညာချက်တွေ ထုတ်စေကာမူ လက်တွေ့မြေပြင် မှတ်ပုံတင်ပြုလုပ်ရာမှာ ပြည်သူတွေ ဒီကနေ့အထိ ငွေကြေးပေးဆောင်နေရဆဲ ဖြစ်တယ်လို့ မှတ်ပုံတင်သွားရောက်ပြုလုပ်သူတွေဆီက သိရပါတယ်ေ










