
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က စစ်အာဏာရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝကရုံး) မှာ ဇွန် ၅ ရက် ဒီမနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲပြီး လူ ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
စစ်ကိုင်းမြို့ခံတယောက်က “ဗုံးက အထဲကပေါက်တယ်လည်း ပြောတယ်။ Drop ဗုံး လာချတယ်လို့လည်း ပြောတယ်။ ရုံးချိန်ဆိုတော့ ဝန်ထမ်းတွေနဲ့ မှတ်ပုံတင်လာလုပ်တဲ့သူတွေ ထိတာ။ မှတ်ပုံတင်လုပ်တဲ့သူက များတယ်လေ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံပို့ထားတယ်။ ဗုံးပေါက်တဲ့ လဝကရုံးနားမှာတော့ စစ်သားတွေနဲ့ အရပ်ဝတ်တွေ ရှုပ်နေတယ်” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူအများစုမှာ ကိုယ်လက်အင်္ဂါတွေ ဗုံးစထိမှန်ထားတာ တွေ့ရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လဝကဝန်ထမ်း ၅ ယောက်နဲ့ မှတ်ပုံတင်လာလုပ်သူ ၁၃ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
ဗုံးကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စစ်ကိုင်းမြို့က ဆေးရုံမှာ ကုသပေးနေပြီး ဗုံးပေါက်ကွဲခဲ့တဲ့ လဝကရုံးနဲ့ အနီးတဝိုက်မှာတော့ စစ်တပ်ရော အရပ်ဝတ်လုံခြုံရေးတွေပါ ရောက်နေတယ်လို့ စစ်ကိုင်းမြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက နယ်မြေတွေကို စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ရာမှာ နာမည်ကြီးတဲ့ စစ်အာဏာရှင်တပ်၊ တပ်မ ၃၃ ခြေမြန်တပ်ဌာနချုပ်ဟာ စစ်ကိုင်းမြို့မှာ အခြေစိုက်ပါတယ်။










