
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ပဋ္ဌာန်းပွဲ ကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၃၀ ရက်မှာ ဆူဆိုက်ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါး ဒဏ်ရာရရှိခဲ့ပြီး ပဋ္ဌာန်းပွဲလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ မနက် ၁ နာရီဝန်းကျင်က ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာရှိ လက်တော်ရာ ဘုန်းကြီးကျောင်းဆောင်ပေါ်ကို မုံရွာ နမခကနေ လွှတ်လိုက်တဲ့ ဆူဆိုက်ဒရုန်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ပဋ္ဌာန်းပွဲကို ကြွရောက်လာတဲ့ သက်တော် ၅၆ ရှိ ဦးပဥ္ဇင်းအဂ္ဂဉာဏ်ရဲ့ ခြေထောက် ၂ ဖက်စလုံး ကျိုးသွားခဲ့ရပါတယ်။
ဒါ့အပြင် ဒရုန်း ဗုံးသီးအရှိန်ကြောင့် ကျောင်းဆောင် ခေါင်မိုး၊ မှန်၊ ပရိဘောဂတွေနဲ့ တံခါးတွေ ပျက်စီးခဲ့ရသလို၊ ၅ ရက်တိုင်တိုင် ကျင်းပမဲ့ပဋ္ဌာန်းပွဲကိုလည်း ၁ ရက်တောင် မပြည့်မီ ရပ်နားလိုက်ရပါတယ်။
ကျောင်းထိုင် ဘုန်းကြီးတပါးက “စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွေကိုပါ မချန် ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် သံဃာတော်တွေအနေနဲ့ ကိုယ့်ကျောင်းမှာတောင် အေးအေးချမ်းချမ်း သီတင်းမသုံးနိုင်ဘဲ ဘေးလွတ်ရာ ကပ်နေကြရတယ်။ ဝါကျွတ်ကာလ ကထိန်ပွဲနဲ့ ဘာသာရေး ပွဲလမ်းသဘင်တွေကိုလည်း သတိထား ရှောင်ရှားနေကြရတယ်”လို့ မိန့်ကြားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင်ကလည်း မြင်းမူမြို့နယ်အတွင်းရှိ ရုံးကား၊ ညောင်ပင်ကန်၊ လှေဦးကန်နဲ့ ကန်စွယ် ကျေးရွာတွေကို စစ်တပ်က နမခ မှ ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုံးကားရွာမှ အသက် ၈၀ အရွယ် အဘိုးအိုတယောက်နဲ့ လှေဦးကန်ရွာမှ အသက် ၆၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ရပြီး အရပ်သားတချို့ ဒဏ်ရာရရှိကာ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့ရတယ်လို့ မြင်းမူမြို့နယ် ပ.အ.ဖ ထံမှ သိရပါတယ်။











