
ရန်ကုန်မှာ နိုင်ငံသားစိစစ်ရေးကတ်က အချက်အလက်နဲ့ စစ်အာဏာရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (လဝက)ရဲ့ ဆာဗာမှတ်တမ်းတွေကြား၊ အချက်အလက် မကိုက်ညီတာတွေ ဆက်ဖြစ်နေတာကြောင့် စမတ်ကတ် (UIDကတ်) ရဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတချို့က ပြောပါတယ်။
ဒါကြောင့် လဝကဆာဗာမှာ အချက်အလက် မှားယွင်းအသွင်းခံထားရသူတွေဟာ စမတ်ကတ်ရဖို့ လဝကရုံးက ဝန်ထမ်းတွေကို လာဘ်ငွေပေးပြီး လုပ်ဆောင်နေရတယ်လို့ သူတို့က ပြောပါတယ်။
စမတ်ကတ်မရသေးတဲ့ ရန်ကုန်မြို့က အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတယောက်က “မှတ်ပုံတင်က အဖေနာမည်နဲ့ သူတို့ဆီမှာ ထည့်ထားတဲ့ အဖေနာမည်မှာ မတူတာတွေဖြစ်နေတယ်၊ အဲ့ဒါကို အခုအချိန်အထိ မလုပ်ပေးဘူး။ စမတ်ကတ်လည်း မရသေးဘူး။ အဆင့်ဆင့် လုပ်ဆောင်ရမယ်လို့ပြောတယ်။ ပြင်ဆင်ဖို့အတွက် လိုအပ်တာတွေ လုပ်ပေးခဲ့ရတယ်။ ဖုန်းဆက်မယ်ပြောတယ်။ ဒါပေမဲ့ ရုံးက ဖုန်းမဆက်ဘူး။ လိုက်သွားရင်လည်း နေပြည်တော်က စာမကျသေးဘူးပြောတယ်။ ပြီးတော့ ပိုက်ဆံ လက်သိပ်ထိုး တောင်းတယ်” လို့ ပြောပါတယ်။
စမတ်ကတ်လုပ်ရာမှာ စာရွက်ကြေးကျပ် ၅၀၀ နဲ့ ကတ်ကို ပလပ်စတစ်လောင်းခဆိုပြီး ကျပ် ၂,၀၀၀ သာ ပေးဆောင်ရတယ်လို့ ဆိုပေမဲ့မြေပြင်မှာ စမတ်ကတ်ရဖို့အတွက် အခကြေးငွေ ကျပ် ၂၀,၀၀၀ ကနေ ကျပ်သိန်းဂဏာန်းထိ ပေးဆောင်နေရတယ်လို့ ကိုယ်တွေ့ကြုံရသူတချို့က ပြောပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ ရန်ကုန်မှာ ရွှေ့ပြောင်းနေထိုင်နေသူတယောက်က “ကျနော်တို့ကို မြစ်ကြီးနားထိပြန်ခိုင်းတယ်။ မှတ်ပုံတင်ထဲက လူမျိုးနဲ့ သူတို့ဆီက လူမျိုး မတူလို့ ပြဿနာဖြစ်နေတာပေါ့။ စမတ်ကတ်မရတော့ ကျနော်တို့ အခက်အခဲအရမ်းဖြစ်တယ်။ အဲ့ဒါနဲ့ သူများကချိတ်ပေးလို့ လိုက်လုပ်လိုက်တာ ပိုက်ဆံတသိန်းခွဲ ပေးလိုက်ရတယ်။ အဲဒီတော့မှ ကတ်ရတာ။ သူတို့ လုပ်ပေးလို့ရရဲ့သားနဲ့ မလုပ်ပေးတာ လို့ မြင်တယ်”လို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ လဝကရုံး ဝန်ထမ်းတယောက်က “ဒေတာ(အချက်အလက်) တွေ မတူရင် reject (ငြင်းပယ်) အနေနဲ့ နေပြည်တော်ကို တိုက်ရိုက်တင်ရပါတယ်။ ဟိုဘက်က ခွင့်ပြုမှ ကျနော်တို့က လုပ်ပေးလို့ရတာပါ။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်ရင် ကျနော်တို့လည်း ထောင်ကျသွားမှာပေါ့။ အခု နောက်ပိုင်းက သက်ဆိုင်ရာ မြို့နယ်တွေမှာ လာလုပ်နေတဲ့သူတွေက ၁၂/ (ရန်ကုန်တိုင်း) ရှားသွားပြီ။ ၁၊ ၃ ၊ ၅(ကချင်၊ ကရင်၊ စစ်ကိုင်း) ဒါတွေချည်းလာတာ။ လူမျိုးတွေ ၂ ခု၊ ၃ ခု ပါနေရာမှာ အမှားများတယ်။ ပြီးတော့ မိဘနာမည်တွေမှာ မှားတာတွေပေါ့။ ဒါတွေကတော့ များတယ်။ အခကြေးငွေကိစ္စတော့ မပြောလိုပါဘူး” လို့ ဆိုပါတယ်။
ဒီ စမတ်ကတ် (UIDကတ်) နဲ့ လက်ရှိမှာ ပြည်ပထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားတာ၊ သက်တမ်းတိုးတာ၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ OWIC ကတ်လုပ်တာ၊ ပင်စင်လစာထုတ်ယူတာနဲ့ နယ်စပ်ဖြတ်ကျော်ခွင့် ဗီဇာလျှောက်ထားတာတွေမှာ လိုအပ်မှာဖြစ်တယ်လို့ လဝက က အသိပေးထား ပါတယ်။
စစ်တပ်က အာဏသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်မှာ ဒီစမတ်ကတ်စနစ်ကို စတင်ခဲ့တာပါ။ အခု လက်ရှိထုတ်ပေးနေတာတွေဟာ စမတ်ကတ်စနစ် စတင်နိုင်ဖို့အတွက် ကနဦးအဆင့်အနေနဲ့ လဝကဘက်ကနေ ယာယီမှတ်တမ်း- Unique Identification Number (UID/EID) စလစ် ဆိုတာကို စတင်ထုတ်ပေးနေတာဖြစ်ပြီး ဒီစလစ်ရပြီး သူတွေက နောက်ပိုင်းမှာ စမတ်ကတ်ကို ထပ်မံလဲလှယ်ရမှာဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်အာဏာရှင်အစိုးရဟာ ဒီ UID စနစ်ကို အသုံးပြုပြီး နိုင်ငံသား တွေကို ခြေရာခံတာ၊ စောင့်ကြည့်တာတွေ လုပ်ဆောင်နေသလို ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ အသုံးပြုနေတယ်လို့ ဝေဖန်ကြပါတယ်။











