DVB Logo
Home
မြန်မာသတင်း
ရွှေဘို လဝကရုံးရှေ့တွင် မှတ်ပုံတင်လာလုပ်သည့် လူငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
August 12, 2026
Photo: CJ (ပုံဟောင်း)
Photo: CJ (ပုံဟောင်း)
Donate to DVB

​စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ဩဂုတ် ၉ ရက်က မှတ်ပုံတင်လာလုပ်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တယောက်ကို စစ်အာဏာရှင်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို စွန့်ပစ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၉ ရက် မနက် ၁၁ နာရီဝန်းကျင်က အဲဒီလူငယ်ဟာ မြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးကို မှတ်ပုံတင်အတွက် လက်ဗွေလာနှိပ်ချိန် ရုံးရှေ့မှာ စစ်တပ်ရဲ့ ကင်းလှည့်အဖွဲ့ကို မြင်လို့ ဆိုင်ကယ်မရပ်ဘဲ လှည့်အပြန်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

​ပစ်ခတ်ခံရမှုကြောင့် လူငယ်ဖြစ်သူဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကိုတော့ မြို့တောင်ဘက် ရွှေဘို-မန္တလေး လမ်းဘေး တဂဏန်းကျေးရွာအနီးမှာ စစ်တပ်က စွန့်ပစ်သွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့ခံတယောက်က “မှတ်ပုံတင်လာလုပ်တဲ့ ကောင်လေးက နယ်ကပါ။ အကုန်လုပ်ပြီးသား၊ လက်ဗွေနှိပ်ဖို့ပဲ ကျန်တော့လို့ လာနှိပ်တာ။ အဲဒါ ရုံးရှေ့မှာ ပတ်ကင်းမြင်လို့ ဆိုင်ကယ် ပြန်ကွေ့နေတုန်း ပစ်ခံရတာ၊ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။

အခုလို အဖမ်းကြမ်းတော့ လူငယ်တွေက လမ်းမပေါ် သိပ်မသွားကြဘဲ မဖြစ်မနေလာရမဲ့ နေရာတွေမှာ စစ်တပ်က စောင့်ဖမ်းပြီး ငွေညှစ်တတ်သလို ငွေမရရင် စစ်မှုထမ်းဖို့ ပို့နေတာလို့ သူက ဆိုပါတယ်။

​ရွှေဘိုမြို့မှာ လူငယ်တွေ အပြင်မထွက်ကြတော့တဲ့အတွက် မဖြစ်မနေ သွားရောက်ရတဲ့ လဝကရုံးလို နေရာမျိုးတွေမှာ စစ်တပ်က စောင့်ဆိုင်းဖမ်းဆီးတာတွေ လုပ်ဆောင်လာတာပါ။

​ပြီးခဲ့တဲ့လကလည်း ဆိပ်ခွန်ကျေးရွာက အမျိုးသားတယောက် မှတ်ပုံတင်လုပ်ဖို့ သွားရာကနေ လဝကရုံးရှေ့မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

သူပြန်လည်လွတ်မြောက်ဖို့အတွက် ရွှေဘိုမှာ ကျပ်သိန်း ၂၀၀ နဲ့ မုံရွာတပ်ကို ထပ်မံပေးရတဲ့ ကျပ်သိန်း ၂၀၀၊ စုစုပေါင်း ကျပ်သိန်း ၄၀၀ အထိပေးရပြီး တလအကြာမှ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

​အလားတူ ထူးမြင့် ကုန်စုံဆိုင်နဲ့ ကွမ်းအပိုပစ္စည်း အရောင်းဆိုင်က လူငယ် ၂ ယောက်နဲ့ ဇီးဖြူကုန်းရွာက လူလတ်ပိုင်းတယောက်တို့ဟာလည်း ဖမ်းဆီးခံရပြီးနောက် ကျပ်သိန်း ၁၀၀ ပေးခဲ့ရပေမဲ့ မိသားစုနဲ့ တွေ့ခွင့်မရဘဲ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။

​ရွှေဘိုမြို့မှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း လူငယ် ၅၀ ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရပြီး တယောက်ကို ကျပ်သိန်း ၅၀ ကနေ ၁၂၀ အထိ တောင်းခံခဲ့ပါတယ်။

ဇူလိုင်နဲ့ ဩဂုတ်လမှာတော့ ဖမ်းဆီးမှုတွေ ပိုမိုအရှိန်မြင့်လာပြီး ဈေးနဲ့ ကားဂိတ်တွေ အပါအဝင် နေရာအနှံ့ကနေ လူငယ် ၇၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီအထဲကမှ ကျပ်သိန်း ၄၀၀ ပေးနိုင်သူတယောက်ပဲ ပြန်လွတ်လာပြီး ကျန်တဲ့ ငွေသိန်းရာဂဏန်း ပေးနိုင်သူတချို့လည်း မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013