
ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားတာကြောင့် နိုင်ငံ့စီးပွားရေးအတွက် ဝင်ငွေအများကြီး ရနိုင်တယ်လို့ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီနီယာက မေ ၁၃ ရက်မှာ ပြောပါတယ်။
အာကရာမီနီယာက “ဟော်မုဇ်ရေလက်ကြားကို ကြီးကြပ်ကွပ်ကဲမှုကနေ ကျနော်တို့နိုင်ငံအတွက် စီးပွားရေးအရ ဝင်ငွေကောင်းစေမှာ ဖြစ်ပါတယ်။ ရေနံဝင်ငွေ ၂ ဆတောင် ဖြစ်လာနိုင်သလို နိုင်ငံတကာစင်မြင့်မှာလည်း ကျနော်တို့ရဲ့ ဩဇာလွှမ်းမိုးမှုကို ပိုအားကောင်းလာစေမှာပါ” လို့ ဆိုပါတယ်။
ရေလက်ကြားရဲ့ အနောက်ဘက်ပိုင်းကို တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်က ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ အရှေ့ဘက်ပိုင်းကိုတော့ အီရန်ရေတပ်က ကွပ်ကဲနေတယ်လို့ အာကရာမီနီယာက ပြောပါတယ်။
အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်ဟာ ဒီ ရေလက်ကြား ဖြတ်သန်းသွားလာမှု အများစုကို ပိတ်ပင်ထားတာပါ။
ဧပြီ ၈ ရက်ကစလို့ အပစ်အခတ်ရပ်စဲရေး ရှိနေပေမဲ့ အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ထားပါတယ်။
အီရန်လွှတ်တော် အမျိုးသားလုံခြုံရေးကော်မရှင် အကြီးအကဲ အီဘရာဟင်မ်အာဇီဇီ ကလည်း ဒီရေကြောင်းကို စီမံခန့်ခွဲမဲ့ အစီအစဉ်တခု အပြီးသတ်ရေးဆွဲထားပြီလို့ မေ ၁၃ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း ရေလက်ကြားဖြတ်သန်းတဲ့ သင်္ဘောတွေဆီကနေ ကောက်ခံတဲ့ ပထမဆုံး အခွန်အခတွေ ရရှိထားပြီလို့ အီရန်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟာမစ်ရီဇာ ဟာဂျီဘာဘာအီက ပြောထားပါတယ်။
Source:Reuters










