
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်ရှိ ရေကြည်နဲ့ သာပေါင်း ကြားမှာတည်ရှိပြီး အာရက္ခတပ်တော် AA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတဲ့ ရိုးမအစပ်က ပွိုင့်ကုန်းတွေကို စစ်တပ်က ဂျက်တိုက်လေယာဉ်တွေ ဒရုန်းတွေအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ AA က ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ပူးပေါင်းတပ်တွေက ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၃ ရက်အတွင်း စစ်တပ်ရဲ့ ပွိုင့်ကုန်းကြီး ၃ ခုနဲ့ ပွိင့် (၂၂၇) ရဲ့ ကာကင်းစခန်းကုန်း ၂ ခု စုစုပေါင်း စခန်း ၅ ခုကို သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။
သာပေါင်းဒေသခံတယောက်က “အဲဒီကုန်းတွေက ငဝန်အနောက်ခြမ်း ရေကြည်နဲ့ သာပေါင်းကြားမှာ ရှိတာ။ ရိုးမအစပ်နေရာတွေပေါ့၊ ရွာနဲ့တော့လှမ်းတယ်။ ပြီးတော့ စစ်တပ်က ဘုရားကြီးရွာမှာ လက်နက်ကြီးထောင်ထားသလို အနီးနားကကျေးရွာတွေမှလည်း တပ်ဆွဲထားတယ်။ စစ်ပြေးတွေ လည်း ရှိနေတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ဇူလိုင် ၄ ရက်အထိ ထွက်ပြေးနေတဲ့ စစ်အာဏာရှင်တပ်တွေကို လိုက်လံရှင်းလင်းနေပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို လက်နက်ခဲယမ်းနဲ့ ရုပ်အလောင်းတချို့ကိုထပ်မံသိမ်းမိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်တွေအရ ဇွန် ၁၇ ရက်မှာ ပွိုင့် ၂၈၈ ကုန်း၊ ဇူလိုင် ၁၉ ရက်မှာ ပွိုင့် ၁၈၈ ကုန်း၊ ဇူလိုင် ၂၁ ရက်မှာ ပွိုင့် ၁၄၈ ကုန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာတော့ ပွိုင့် ၂၇၇ ရဲ့ ကာကင်းကုန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။










