
ရခိုင်နဲ့ မကွေးကို ဆက်သွယ်ထားတဲ့ ရိုးမတောင်ကျော်လမ်းပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နတ်ရေကန်စခန်းကို စစ်ကူလာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အကျအဆုံး များခဲ့တဲ့အပြင် စစ်သုံ့ပန်းတချို့ကိုပါ ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မကွေးတိုင်း သဖန်းရောင်ကြားက တလိုင်းတောင်လမ်းနဲ့ ပဒါန်းကို ဆက်သွယ်ထားတဲ့ ရိုးလမ်းတွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။
ဒေသခံအမျိုးသားတယောက်က “တလိုင်းတောင်လမ်းဘက်မှာ စက်တင်ဘာလကတည်းက တိုက်ပွဲဖြစ်နေတာပါ။ အခု အောက်တိုဘာလဆန်းကနေ ဒီနေ့အထိ ပိုပြင်းထန်လာတယ်။ စစ်ကောင်စီဘက်က ကန်ကြိုးနဲ့ ငကုန်းဘက်ကို ထိုးစစ်ဆင်ရင်း ဖြစ်နေတာ။ စစ်ကောင်စီရဲ့ အားနည်းချက်ကတော့ လူအင်အား ဘယ်လောက်နဲ့ပဲ ထိုးစစ်ဆင်ဆင် ရှေ့မတိုးနိုင်ဘဲ အသေအပျောက် တော်တော်များနေတာပါပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ရဲ့ အဓိက အထိုင်ဗျူဟာစခန်းတခုဖြစ်တဲ့ အမ်း-ပဒါန်း ရိုးလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းကို အောက်တိုဘာ ၂၇ ရက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကူထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကိုလည်း AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ၆ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“နတ်ရေကန်ဘက်မှာ အရင်က စစ်ကောင်စီ ထိုးစစ်ဆင်ခဲ့တဲ့ ပဇီရွာဘက်လမ်းနဲ့ ဂုတ်ကြီးရွာဘက်လမ်းဆိုပြီး လမ်းနှစ်လမ်းရှိတယ်။ ဒီတခေါက်တော့ အဲဒီလမ်းနှစ်လမ်းကြားကနေ ခိုးဝင် ထိုးစစ်ဆင်တာပါ။ AA ဘက်က အချိန်မီသိသွားလို့ ကြားဖြတ်တိုက်နိုင်ခဲ့တယ်။ စစ်သုံ့ပန်း အရှင် ၆ ယောက်လောက် ဖမ်းမိပြီး သေတာက ၁၀ ယောက်နဲ့ ၂၀ ကြားလောက် ရှိမယ်ထင်တယ်။”
လက်ရှိမှာ တိုက်ပွဲတွေဟာ အမ်း-မကွေး ရိုးလမ်းပေါ်က တလိုင်းတောင်လမ်းနဲ့ နတ်ရေကန်ဗျူဟာကို သွားတဲ့ လမ်းတွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။
စစ်တပ်ဘက်ကတော့ လေကြောင်းကနေ ဒရုန်း၊ ပါရာမော်တာ၊ Y-12 ထောက်ပံ့ရေးလေယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေပါ သုံးပြီး ဗုံးကြဲတိုက်ခိုက်နေသလို ပဒါန်းမြို့နယ်မှာ အခြေစိုက်တဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေလည်း လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။











