
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ မီဇိုရမ် ကုန်သွယ်ရေး ယာဉ်ပိုင်ရှင်များအသင်း (MCVOA) တို့အကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီး နားလည်မှုစာချွန်လွှာ (MoU) ကို အောက်တိုဘာ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အိန္ဒိယ သတင်းစာတွေမှာ ဖော်ပြပါတယ်။
မီဇိုရမ် ကုန်သွယ်ရေးယာဉ်ပိုင်ရှင်များအသင်း (MCVOA) ရဲ့ ဆိုင်းဟာခရိုင် တာဝန်ရှိသူတွေနဲ့ ULA/AA တာဝန်ရှိသူတွေဟာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ပြီး ဆိုင်းဟာမြို့ သတင်းစာဆရာ အသင်းရုံးမှာ အခုလို နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဆိုပါ သဘောတူညီချက်အရ မီဇိုရမ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်လာတတ်တဲ့ နားလည်မှုလွဲမှားမှုတွေနဲ့ တခြားအခက်အခဲတွေကို ညှိနှိုင်းဆွေးနွေး ဖြေရှင်းသွားကြဖို့ ရည်ရွယ်ထားကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ရွှေလိုက်ဝကျေးရွာနဲ့ ရှင်းလက်ဝကျေးရွာတွေမှာ ကားနဲ့ လှေငှားရမ်းခတွေကို တပြေးညီဖြစ်စေပြီး သင့်တင့်မျှတတဲ့ စျေးနှုန်းတွေ သတ်မှတ်ကြဖို့လည်း ဆွေးနွေး သဘောတူညီခဲ့ကြပါတယ်။
ပလက်ဝမြို့နယ်အတွင်းရှိ ရွှေလိုက်ဝကျေးရွာနဲ့ ရှင်းလက်ဝကျေးရွာ ဂိတ်တွေကိုလည်း နေ့စဉ် ည ၈ နာရီအထိ ဖွင့်လှစ်ထားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို MCVOA ရဲ့ ဆိုင်းဟာခရိုင်အဖွဲ့ ဥက္ကဋ္ဌ ကေ မှန်ဂါအိလျာနနဲ့ ULA/AA ရဲ့ နယ်စပ်ဆက်ဆံရေး တာဝန်ခံ ဦးကျော်နိုင်တို့ ဦးဆောင်တဲ့ အဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး ရခိုင်ကုန်သည်တွေအနေနဲ့ ဒေသခံ ကုန်သည်တွေနဲ့သာ ဆက်ဆံ ဆောင်ရွက်သင့်ကြောင်း၊ ဒီလိုဆောင်ရွက်ခြင်းက ပိုမိုအကျိုးရှိပြီး ဘေးကင်းလုံခြုံမှု ရှိစေမယ်လို့ MCVOA ခေါင်းဆောင်တွေက ပြောပါတယ်။
နယ်စပ်ကုန်သည်တယောက်က “ဒီလို MoU ထိုးနိုင်တာက ဆက်ဆံရေးရော၊ ကုန်သွယ်ရေးပါ အရမ်း ကောင်းမွန်စေတဲ့ လုပ်ရပ်ပါပဲ။ အထူးသဖြင့် ကုန်သွယ်မှု လုပ်ငန်းတွေမှာ စံသတ်မှတ်ထားတဲ့ ယာဉ်ငှားခတွေနဲ့ စနစ်ကျတဲ့ အခြေအနေတွေ ရှိလာရင် ကုန်သွယ်မှု ပိုပြီး မြန်ဆန် ချောမွေ့လာနိုင်ပါတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်က ဆိုင်းဟာမြို့နယ် ခြယ်ခုံကျေးရွာမှာ လူငယ်တွေနဲ့ ရခိုင်စက်လှေသမားတွေ အချင်းများခဲ့တာကြောင့် နယ်စပ်ကုန်သွယ်မှုကို စက်တင်ဘာ ၂၄ ရက်အထိ ယာယီ ပိတ်ထားခဲ့ရပြီးနောက် မရာလူငယ်အစည်းအရုံး (MTP) တာဝန်ရှိသူတွေနဲ့ ULA/AA တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီးနောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ စစ်တပ်က ရခိုင်ပြည်နယ်ကို ကုန်သွယ်ခွင့်တွေ ကန့်သတ်ထားတာကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်ပြည်နယ်ကနေတဆင့် အဓိက တင်သွင်း ကုန်သွယ်နေကြရတာ ဖြစ်ပါတယ်။











