DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနယ်စပ်ကုန်သွယ်‌ရေးဆိပ်ကမ်းတွင် အချေအတင်ဖြစ်ပွားမှု တွေ့ဆုံဖြေရှင်းပြီးပြီဟု AA ပြော
DVB
·
September 18, 2026
Photo: ONN
Photo: ONN
Donate to DVB

အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်၊ ဆိုင်ဟာမြို့နယ်၊ ခိုင်ခီကျေးရွာမှာ စက်တင်ဘာ ၁၄ ရက်က ကျေးရွာ လူငယ်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ ရခိုင်စက်လှေသမားတွေအကြား အချေအတင် ဖြစ်ပွားမှုကို ဆိုင်ဟာအခြေစိုက် မရာလူငယ်အစည်းအရုံး(MTP) တာဝန်ရှိသူတွေနဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေး ဖြေရှင်းပြီးပြီလို့ AA ပြောခွင့်ရ ဦးခိုင်သုက ပြောပါတယ်။

ခိုင်ခီကျေးရွာဖြစ်စဉ်မှာ အကြမ်းဖက်မှု ကျူးလွန်းခဲ့တဲ့ စက်လှေသမား ၇ ယောက်ကို ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးထားပြီး အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေကို တရားဝင် တောင်းပန်ထားသလို ဥပဒေအရ အရေးယူနိုင်ဖို့ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ AA ပြန်ကြားရေး လက်အောက်ခံ အာရက္ခမင်းသမီး မီဒီယာကို  ဦးခိုင်သုခက ပြောကြားခဲ့တာပါ။

စက်တင်ဘာ ၁၄ ရက်နေ့က ခိုင်ခီကျေးရွာ စက်လှေကြီးကြပ်ရေးရုံးမှာ စက်လှေအလှည့် သတ်မှတ်ရာမှာ အိန္ဒိယနိုင်ငံသား စက်လှေသမားတွေကိုသာ ဦးစားပေး ထွက်ခွင့်ပြုတာကြောင့် ကျောက်တော်မြို့နယ်၊ ဇလိန်တောင်ကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုဇော်နိုင်လင်း ဆိုသူက သူတို့ကို စက်လှေ အလှည့်ချပေးဖို့ တောင်းဆိုရာကနေ ကြီကြပ်ရေးရုံး တာဝန်ရှိသူတယောက်နဲ့ စကားအချေအတင်ဖြစ်ကြပြီး စက်လှေ ကြီးကြပ်ရေးရုံး တာဝန်ရှိသူ လူငယ်တယောက်က လက်သီးနဲ့ ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို အချေအတင်ဖြစ်ကြပြီးနောက် ကိုဇော်နိုင်လင်းဟာ သူ့ရဲ့မိတ်ဆွေ သူငယ်ချင်း ၃၀ လောက် ကိုခေါ်ပြီး မရာလူငယ်အစည်းအရုံး (MTP) ရဲ့ ရုံးကို ဖျက်ဆီးခဲ့ပြီး မီးရှို့ဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ အချိန်မီ ထိန်းသိမ်းနိုင်လိုက်တာကြောင့် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဦးခိုင်သုခက ပြောထားပါတယ်။

အဲဒီနောက် ခိုင်ခီကျေးရွာက လူငယ်တွေဟာလည်း ပလက်ဝဘက်ခြမ်းက ဈေးဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြပြီး လူတယောက်ကို ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလို လူငယ်ချင်း အုပ်စုလိုက် ရန်ဖြစ်၊ ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့မှုသာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ သူတွေကလည်း ပြန်လည်တောင်းပန်ခဲ့ပြီး နှစ်ဖက်သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဖြေရှင်းပြီးပြီလို့ ဦးခိုင်သုခက ပြောပါတယ်။

“အမှန်က နှစ်ဖက်လူငယ်တွေ အုပ်စုလိုက် ရန်ဖြစ်၊ ဈေးဆိုင်တွေကို ဖျက်ဆီးကြတယ်။ လူငယ် သဘာဝ သောက်စားမူးယစ် စိတ်မထိန်နိုင်ဘဲ လက်ပါမိကြတဲ့ သာမန် အုပ်စုလိုက် ရန်ပွဲတခု သာသာဖြစ်တယ်။ အဲဒီဖြစ်စဉ်ကို နှစ်ဖက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက တွေ့ဆုံခဲ့ကြပြီးတော့ ပြေပြေလည်လည် ဖြေရှင်းထားပါပြီ။ မှားတဲ့ သူတွေကလည်း တောင်းပန်ရမဲ့ သူတွေကို တောင်းပန် ထားကြပြီးဖြစ်တယ်။” 

လူငယ်ချင်း အုပ်စုလိုက် ရန်ဖြစ်ကြတဲ့ ဖြစ်စဉ်ကို သွေးခွဲချင်တဲ့ အုပ်စုတွေက ပုံကြီးချဲ့ ပြောဆို နေကြတာဖြစ်ပြီး သတင်းအမှန်ထက် နှစ်ဖက်အခြေအနေ ပိုမိုဆိုးရွားသွားအောင် သတင်းဌာန အချို့နဲ့ အဖွဲ့အစည်းအချို့က လှုံဆော်မှုတွေ ပြုလုပ်နေကြတာလို့ ဦးခိုင်သုက ဆက်ပြောခဲ့ပါတယ်။

လက်ရှိမှာ ဆိုင်ဟာနဲ့ ပလက်ဝ ဆက်သွယ်ထားတဲ့ ခိုင်ခီ-ရှင်းလက်ဝ လမ်းပိုင်းကို စက်တင်ဘာ ၁၆ ရက်ကနေ ၂၆ ရက်အထိ ယာယီပိတ်ထားတယ်လို့ နယ်စပ်ကုန်သွယ်တွေဆီက သိရပါတယ်။

မရာလူငယ်အစည်းအရုံး (MTP) ဘက်ကလည်း နယ်စပ်ရှိ ဆိပ်ကမ်းကြီးကြပ်ရေးရုံး ဖျက်ဆီးမှုကို ပြင်းထန်းစွာ ကန့်ကွက်တဲ့အနေနဲ့ ဆိုင်ဟာခရိုင်အထဲက ခိုင်ခီ၊ လောင်ဒုံး၊ လောင်ပရှု စတဲ့ ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုကို စက်တင်ဘာ ၁၆ ရက်ကစပြီး ယာယီရပ်ဆိုင်းထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို တာဝန်ရှိသူတွေအကြား နှစ်ဖက် နားလည်မှုကြီးစွာနဲ့ ဖြေရှင်းလိုက်တာဟာ အကောင်းဆုံး ရလဒ်ဖြစ်ပြီး နောက်နောင် အခုလို ပြဿနာမျိုးမဖြစ်အောင် နှစ်ဖက် အသိုက်အဝန်းက ဆင်ခြင် သင့်တယ်လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

“နှစ်ဖက် ပြေပြေလည်လည် ဖြေရှင်းသွားပြီးပြီဆိုတော့ ဒါက ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုဖြစ်စဉ်ကို သင်ခန်းစာယူပြီး နောင်မှာ အခုလို ပြဿနာတွေ ထပ်မဖြစ်အောင် နှစ်ဖက် အသိုက်အဝန်းတွေက ဆင်ခြင်သင့်တယ်။” 

အိန္ဒိယ-ရခိုင်ကုန်သွယ်ရေးကို ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက စတင်ကုန်သွယ်နေကြတာဖြစ်ပြီး နေ့စဉ် ကုန်သွယ်မှု တန်ဖိုးဟာ ရူပီငွေ သန်းနဲ့ချီ ရှိတယ်လို့ ရခိုင်နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်ဟာ ကုန်စည်းစီးဆင်းခွင့်ကို ကန့်သတ်ထားတာကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်းပြည်နယ်က အဓိက ကုန်သွယ်မှု ပြုလုပ်နေကြရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013