မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ ဒဏ်ရာကြောင့် ဆလိုဗေးနီးယားအသင်းရဲ့ ခြေစမ်းပွဲတွေကို ထပ်မံလွဲချော်ဦးမှာ ဖြစ်ပါတယ်။
ဆလိုဗေးနီးယားနည်းပြ ဆေဆာက ပြီးခဲ့တဲ့မတ်လတုန်းက ယူနိုက်တက်ဟာ ဒဏ်ရာရနေတဲ့ ဆက်စ်ကို,ကို နိုင်ငံအသင်းပွဲတွေမှာ အနားပေးခဲ့ပေမဲ့ ကလပ်အသင်းပွဲစဉ်တွေမှာတော့ ချက်ချင်းပြန်သုံးခဲ့တယ်လို့ ဝေဖန်ခဲ့တာကြောင့် ကလပ်နဲ့ နိုင်ငံအသင်းကြား တင်းမာမှုတွေ ရှိလာတာ ဖြစ်ပါတယ်။
ဆေဆာက ဆက်စ်ကိုအနေနဲ့ နိုင်ငံအသင်းအတွက် ကစားပေးချင်ပေမဲ့ ကြံ့ခိုင်မှုမပြည့်ဝဘဲ အားစိုက်ကစားရမှာကို မလိုလားဘူးလို့ ဆိုပါတယ်။
ယူနိုက်တက်ဘက်က ပေးပို့လာတဲ့ ဆေးမှတ်တမ်းတွေအရ ဆက်စ်ကိုဟာ လီဗာပူးနဲ့ပွဲမှာရခဲ့တဲ့ ခြေသလုံးဒဏ်ရာကြောင့် ရာသီပိတ်ပွဲစဉ်တွေကိုပါ လွဲချော်ခဲ့ရတာ ဖြစ်တာကြောင့် အခုတကြိမ်မှာတော့ နိုင်ငံအသင်းဘက်က အနားပေးဖို့ သဘောတူညီခဲ့ပါတယ်။











