
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အမြောက်တပ်ကနေ ထွက်ပြေးတဲ့ စစ်အာဏာရှင်တပ်သား ၃ ယောက် ပစ်ခတ်ဖမ်းဆီးခံရပြီး တယောက်လွတ်မြောက်သွားတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သြဂုတ် ၁၉ ရက် ညနေပိုင်းက ရေကြည်မြို့နယ်အခြေစိုက် စစ်အာဏာရှင်ရဲ့ အမြောက်တပ် (အမတ) ၃၄၄ ကနေ တပ်ဖွဲ့ဝင် ၃ ယောက် ထွက်ပြေးခဲ့ပြီး ၂ ယောက်ကို သြဂုတ် ၁၉ ရက် ညမှာ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး တယောက်လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ညနေ ၇ နာရီလောက်မှာ ထွက်ပြေးတာ။ ည ၁၀ နာရီကျော်ကျော်မှာ ပြန်ဖမ်းခံရတာ။ သေနတ်နဲ့ ပစ်ခတ်ဖမ်းခဲ့တာ။ ပေါင်တွေနဲ့ လက်တွေမှာ ဒဏ်ရာတွေ အများအပြားနဲ့ ပြန်မိခဲ့တာ။ တယောက်လွတ်သွားတယ်” လို့ ပြောပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရတဲ့ တပ်သား ၂ ယောက်နဲ့ ထွက်ပြေးလွတ်သွားတဲ့ တပ်သားတယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၂၄ သင်တန်းဆင်းလူငယ်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မှော်ဘီနဲ့ ကျောက်တန်းမြို့နယ်က လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံက “အမြောက်တပ်အနားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ မကြာခဏဆိုသလို စစ်တပ်က တပ်သားတွေ ထွက်ပြေးတာတွေ ဖြစ်လာတယ်။ ဒီ ကုန်းပြင်ရွာဘက်ကို လာရှာကြတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့စစ်တွေက ထွက်ပြေးစစ်သားကို ပြန်လည်ဖမ်းဆီးရမိစေဖို့ မြောက်စမ်း၊ ဇီးရိုးစမ်း စတဲ့ ကျေးရွာတွေနဲ့ ရေနံသာစစ်ဆေးရေးဂိတ် ပတ်ဝန်းကျင်တွေမှာ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ရေကြည်မြို့နယ် ဂွ-ငါးသိုင်းချောင်း ကားလမ်းပေါ်က ရေနံသာ စစ်ဆေးရေးဂိတ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ၊ ပြည်သူ့စစ်တွေကို ထပ်မံ အင်အားဖြည့်ပြီး တင်းကျပ် စစ်ဆေးနေပါတယ်။











