
ဂါနာနိုင်ငံ၊ အက်ခရာမြို့မှာ မတ် ၂၉ ရက်က ဆောက်လုပ်ရေးမပြီးသေးဘဲ ဘုရားကျောင်းလို ဝင်ရောက်အသုံးပြုနေတဲ့ အဆောက်အအုံတခု ပြိုကျသွားခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး မွန်တာကာ မိုဟာမက်-မူဘာရက်က ပြောပါတယ်။
အဆောက်အအုံ ပြိုကျချိန် အထဲမှာ လူ ၂၃ ယောက် ရှိနေခဲ့တယ်လို့ ဝန်ကြီးက အတည်ပြုခဲ့ပြီး သေဆုံးသွားတာက အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက် ဖြစ်ကြောင်း၊ လောလောဆယ် သူတို့နာမည်တွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အပျက်အစီးတွေကြားကနေ ဒဏ်ရာရသူ အများစုကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတွေကို အချိန်မီ ပို့ထားပေးကြောင်းနဲ့ ကျန်တဲ့ လူအယောက် ၂၀ လောက် အသက်ရှင်နေကြတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာနေရာနဲ့ မျက်စောင်းထိုးက ဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်တဲ့ မျက်မြင်သက်သေ မိုဟာမက် အာဖစ္စ ကလည်း အဆောက်အအုံ ပြိုမကျခင်တုန်းက ဝတ်ပြုနေသူတွေ စုဝေးနေကြပြီး တရားဟောနေကြကြောင်းနဲ့ အဆောက်အအုံ ပြိုကျသွားပြီး နောက်မှာတော့ ဘာအသံမှ ထပ်မကြားရတော့ဘူးလို့ ပြောပါတယ်။
အထဲမှာ ပိတ်မိနေကြပုံရလို့ ရဲကို ချက်ချင်းအကြောင်းကြားခဲ့သလို အနီးနားက လူငယ်တွေကလည်း အသက်ရှင်သူတွေကို ဝိုင်းပြီး ကူညီကယ်ထုတ်ပေးခဲ့ကြပါတယ်လို့ ဆိုပါတယ်။
ဂါနာနိုင်ငံမှာ မြို့ပြဖွံ့ဖြိုးမှု မြန်ဆန်လွန်းတာ၊ ဆောက်လုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု အားနည်းတာနဲ့ မပြီးစီးသေးတဲ့ အဆောက်အအုံတွေကို အသုံးပြုကြတာတွေကြောင့် အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ ဖြစ်တယ်လို့ ယူဆကြပါတယ်။
ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်အောင် စည်းကြပ်မှုတွေ ပိုတင်းကျပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
Source: Reuters










