
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၆ လုံးနဲ့ ဂိုဒေါင် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၈ ရက် မနက်အစောပိုင်း ၄ နာရီကျော်လောက်က မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာက နေအိမ် တလုံးကနေ စတင်မီးလောင်ခဲ့ပြီး တဆက်တည်းရှိတဲ့အိမ်တွေကို မီးကူးစက်ခဲ့တာကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်တွေ အပါအဝင် အိမ်အလုံး ၂၆ လုံးနဲ့ ဂိုဒေါင် ၂ လုံး မီးလောင် ပျက်စီး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
တိုင်းမီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က “မီးလောင်မှုက မနက်စောစောပိုင်း ဖြစ်တာ။ မီးစတင် လောင်မှုကို တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်။ မီးလောင်မှုက ဆင့်ပွားကူးစက်တာ ကြောင့် ဆုံးရှုံးတာ များတာ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာမရှိဘဲ ဒေသခံတွေနဲ့ မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာန အရန်နဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ် ၂ စီး အသုံးပြုပြီး ပူးပေါင်း မီးငြှိမ်းသတ်မှုကြောင့် မနက် ၆ နာရီ ၂၅ မိနစ် ဝန်းကျင်မှာ မီးလုံးဝငြိမ်းသွားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ မီးလောင်မှုတွေ ရက်ဆက်ဖြစ်ပွားနေပြီး ဧပြီ ၄ ရက်ကလည်း မြောင်းမြမြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာ မီးလောင်မှုကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့သေးတယ်လို့ သိရ ပါတယ်။
ဒါ့အပြင် ဧပြီ ၂၇ ရက် မနက်ပိုင်းကလည်း မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်က ဓနုဖြူမြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းပေါင်း ၃၀၀ နီးပါး ဆုံးရှုံးခဲ့သေးတယ်လို့ သိရပါတယ်။










