DVB Logo
Home
မြန်မာသတင်း
NUG ကွပ်ကဲမှုအောက်၌ SRF ရဲဘော်များတော်လှန်ရေး ဆက်လုပ်မည် 
DVB
·
May 29, 2026
NUG ကွပ်ကဲမှုအောက်၌ SRF ရဲဘော်များတော်လှန်ရေး ဆက်လုပ်မည် 
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ဒေသခံ တော်လှန်ရေးအဖွဲ့တွေနဲ့ ကျောင်းသားတော်လှန်ရေး တပ်တော် (SRF) တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ မေ ၂၈ ရက် ညနေပိုင်းက မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်တပ်ရင်းတွေနဲ့ SRF တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ၃ ရပ်ကို ပူးတွဲ ထုတ်ပြန် လိုက်ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ SRF ရဲဘော်တွေထဲက ပြစ်မှု မကျူးလွန်သူတွေကို ပြန်လွှတ်ပေးမှာဖြစ်ပြီး အမှုဖွင့်ခံထားရသူတွေကိုတော့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဥပဒေဘောင်အတွင်းကနေ ဆက်လက်ဖြေရှင်းသွားမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် SRF ရဲဘော်တွေအနေနဲ့ NUG ရဲ့ ကွပ်ကဲမှု (COC) အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်ပြီး တော်လှန်ရေးကို ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မင်းကင်းမြို့နယ် ပအဖ တာဝန်ခံ ကိုဝင်းမင်းက “ကျနော်တို့ ထိန်းသိမ်းထားတဲ့ ဒီ SRF ရဲ့ ခေါင်းဆောင် အပါအဝင်ပေါ့နော်၊ ပြစ်မှုကျူးလွန်တဲ့လူတွေက ပြစ်မှုအတိုင်း ဆက်ပြီးတော့ အရေးယူဆောင်ရွက်မယ်။ ဥပဒေကြောင်းအရ ဖြေရှင်းရမှာပေါ့။ ပြစ်မှုမရှိဘူး ဆိုရင်လည်း သူတို့ကို ဒါ ကျနော်တို့ ပြန်လွှတ်ရမှာပေါ့။ ဒီပဋိပက္ခအတွင်းမှာ ထိန်းသိမ်းထားတဲ့ ရဲဘော်တွေရှိတယ်။ အဲဒါတွေကိုလည်း ပြစ်မှုထဲမှာမပါတဲ့ ရဲဘော်တွေကို ကျနော်တို့ ပြန်လွှတ်ရမှာပေါ့နော်။ တော်လှန်ရေးအလိုအရ သူတို့ကိုယ်တိုင်ကလည်း SRF ကနေပြီးတော့ တပ်ရင်းတခု အသွင်ပြောင်းဖို့ အရပ်ကတည်းက ဆန္ဒရှိတယ်။ အခုလည်း ဒီပဋိပက္ခကြောင့်တော့ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်က COC အောက်ကို သွားဖို့ ဆန္ဒရှိနေပြီးသား ဖြစ်တယ်။ အဲဒါကြောင့်မို့ ကျနော်တို့က မင်းတို့ COC အောက်ကို လာမယ်ဆိုရင် ငါတို့ မြို့နယ်မှ မဟုတ်ဘူး၊ မင်းတို့သင့်တော်တဲ့နေရာ၊ မင်းတို့ကြိုက်တဲ့နေရာ၊ မင်းတို့ကြိုက်တဲ့တာဝန်နဲ့ ဘယ်ဌာနမှာပဲမဆို ကာကွယ်ရေး PDF ပဲဆိုဆို၊ ပကဖ ပဲဆိုဆို၊ တိုင်းပဲဆိုဆို၊ ခရိုင်ပဲဆိုဆို ကြိုက်တဲ့တာဝန်နဲ့ COC အောက်မှာ အတူတကွ တော်လှန်ရေးလုပ်လို့ရတယ် ဆိုတာကို ကျနော်တို့က ဒါ သဘောတူညီတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

အခုလို ဖမ်းဆီးစစ်ဆေးတဲ့ ဖြစ်စဉ်ဟာ SRF ကို ဖြိုခွဲတာမဟုတ်ဘဲ ပြည်သူလူထုရဲ့ တိုင်ကြားချက် အရ ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ရှင်းလင်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေး ညီညွတ်မှုကို ပျက်ပြားစေမဲ့ လုပ်ရပ်တွေနဲ့ လူမှုကွန်ရက်ပေါ်က လှုံ့ဆော်မှုတွေကို ရှောင်ကြဉ်ကြဖို့နဲ့ NUG ရဲ့ လမ်းညွှန်ချက်အတိုင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အလေးအနက်ထား ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013