
ဗင်နီဇွဲလားငလျင်ကြောင့် အပျက်အစီး တန်ချိန် ၁၄၀ အောက်မှာ ၈ ရက်ကြာ ပိတ်မိနေသူကို ကယ်ဆယ်ရေးအဖွဲ့တွေက နာရီပေါင်း ၁၀၀ ကျော် ကြိုးစားမှုအပြီးမှာ ကယ်တင်နိုင်ခဲ့ပါတယ်။
အယ်ဆာဗေးဒါးနဲ့ ချီလီတို့ရှိ ကယ်ဆယ်ရေးအဖွဲ့တွေက အသက် ၄၄ နှစ်အရွယ် လုံခြုံရေးဝန်ထမ်း ဟာနန်ဂီးလ်ကို ရှော့ပင်းမော အပျက်အစီးတွေအောက်ကနေ ကယ်ဆယ်ခဲ့တာပါ။
၉ ထပ်ရှိတဲ့ ရှော့ပင်းမော ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးတွေအောက်မှာ ဂီးလ် အသက်ရှင်နေတယ်လို့ သိရှိခဲ့ပြီးနောက် ဇွန် ၂၉ ရက်က စတင်ကာ ကယ်ဆယ်ဖို့ ပြင်ဆင်ခဲ့တာပဲ ဖြစ်ပါတယ်။
အင်အားပြင်းငလျင် ၂ ခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း တပတ်ကျော်အကြာမှာ ဗင်နီဇွဲလားရှိ လာဂွါရီရာမှာရှိတဲ့ ရှော့ပင်းမောအောက်က ပိတ်မိနေသူကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာပါ။
ဗင်နီဇွဲလားငလျင် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ရှုပ်ထွေးမှုတွေ၊ နည်းပညာအခက်အခဲတွေ ရှိတာကြောင့် သူ့ရဲ့ သမိုင်းတလျှောက် လုံးဝမတွေ့ဘူးတဲ့အကြောင်း ချီလီမီးသတ်သမား တယောက်က ကယ်ဆယ်ရေးမတိုင်မီ ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။
ဒါပေမဲ့ အပျက်အစီး တန် ၁၄၀ အောက်မှာ ပိတ်မိနေတဲ့ ဂီးလ်ကို တွေ့ရှိခဲ့ပြီးတဲ့နောက် သူ့ကို ပိုက်တွေကတဆင့် ရေပေးပို့နိုင်ခဲ့ပြီး လိုဏ်ခေါင်း ၂ ခု သီးခြားတူးပြီး ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။
ဂီးလ်ဟာ လက်ရှိအချိန်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း ချီလီမီးသတ်သမားအဖွဲ့က ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။
ဇွန် ၂၄ ရက်က ဗင်နီဇွဲလားမှာ ၇ ဒသမ ၂ နဲ့ ၇ ဒသမ ၅ မဂ္ဂနီကျုအဆင့်ရှိတဲ့ ငလျင်တွေ စက္ကန့်ပိုင်းသာခြားပြီး လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၂,၅၉၅ ယောက် သေဆုံးခဲ့ကာ သောင်းနဲ့ချီတဲ့ လူတွေလည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
Source: Reuters











