
ကိုလံဘီယာနိုင်ငံ၊ ဘူကာရာမန်ဂါမြို့မှာ နိုဝင်ဘာ ၁၂ ရက်မနက်အစောပိုင်းက ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ဆင်ရေးတခု ပြုလုပ်ခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံသား ၇၁ ယောက်ကို မြို့ကနေ နှင်ထုတ်လိုက်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
အဲဒီအုပ်စုဟာ ဓားလက်နက်တွေနဲ့ မူးယစ်ဆေးဝါး ကိုင်ဆောင်မှု၊ အာဏာပိုင်တွေကို မလေးမစား ပြုမူမှု၊ လမ်းပေါ် ခိုက်ရန်ဖြစ်ပွားမှုနဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေ အပါအဝင် ရဲတပ်ဖွဲ့ မှတ်တမ်း တွေမှာ ဖော်ပြထားတဲ့ ပြစ်မှုပေါင်း ၁,၅၀၀ ကျော်ကို ကျူးလွန်ထားသူတွေ ဖြစ်တယ်လို့ ဘူကာရာမန်ဂါ မြို့တော်ဝန် ခရစ်စတီယန် ပေါ်တီးယားက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ဘတ်စ်ကားတွေနဲ့ ပို့ဆောင်ပြီး ဗင်နီဇွဲလားနိုင်ငံ၊ တာချီရာပြည်နယ်၊ အူရေးညားမြို့မှာရှိတဲ့ ဗင်နီဇွဲလား လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ လက်ထဲ လွှဲပြောင်း ပေးအပ်နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။
ဒါ့အပြင် ကိုလံဘီယာနဲ့ ဗင်နီဇွဲလား အစိုးရ ၂ ရပ်စလုံးက နှစ်နိုင်ငံအကြား ၂,၂၁၉ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက်မှာ မကြာသေးခင်က လူသိများထင်ရှားတဲ့ ပြန်ပေးဆွဲမှု ဖြစ်စဉ် ၂ ခု ဖြစ်ပွားခဲ့ပြီးနောက်၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်းပြောကြားခဲ့ပါတယ်။
Source: Reuters











