၂၀၂၇ ခုနှစ်မှာ ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အဆိုပြုထားတယ်လို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒိုက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် မာချာဒိုဟာ အောက်တိုဘာ ၂၅ ရက်က ဗင်နီဇွဲလားနိုင်ငံကို ပြန်ရောက်လာအပြီး မြို့တော် ကရာကတ်စ်မှာ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာ ပြောကြားခဲ့တာပါ။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဆင့်လိုက် အစီအစဉ်တွေ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ချပြထားပြီး ၂၀၂၇ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပါဝင်တယ်လို့ မာချာဒိုက ဆိုပါတယ်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ပြန်ဆုတ်လို့ မရတော့ဘူး” လို့လည်း သူက ပြောပါတယ်။
ဒီအသွင်ကူးပြောင်းရေးကို ငြိမ်းချမ်းပြီး စနစ်တကျ ဖြစ်စေချင်သလို ပြည်သူတွေရဲ့ အရေးပေါ် လိုအပ်ချက်တွေကိုလည်း ဖြေရှင်းပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီ ၃ ရက်မှာ အမေရိကန်တပ်ဖွဲ့တွေက အဲဒီအချိန်က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ် မာဒူရိုကို စစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် လမ်းပွင့်လာခဲ့တယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုတို့ကို ကျေးဇူးတင်ကြောင်း မာချာဒိုက ပြောပါတယ်။
ဗင်နီဇွဲလားမှာ အစိုးရရဲ့ အကြမ်းဖက်မှုတွေ ထပ်မဖြစ်စေဖို့ တရားမျှတမှုရှိရမဲ့အပြင် နစ်နာသူတွေကိုလည်း လျော်ကြေးပေးဖို့ လိုတယ်လို့ မာချာဒိုက ပြောပါတယ်။
သူ့အနေနဲ့ ပြည်သူတွေကို စည်းရုံးဖို့နဲ့ နိုင်ငံရဲ့ အနာဂတ်သစ်အတွက် နိုင်ငံရေး၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ ပြန်လာခဲ့တာလို့ ရှင်းပြပါတယ်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာပဲ ပြောခဲ့ပေမဲ့ ရက်အတိအကျ မကြေညာခဲ့ပါဘူး။











