
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒေါ်လာ သန်း ၄၀၀ တန် ကပွဲခန်းမ စီမံကိန်းကို အမေရိကန်တရားသူကြီးက ရပ်ဆိုင်းထားပါတယ်။
ထရမ့်ပ်ဟာ လွှတ်တော်ရဲ့ အတည်ပြုချက် မယူဘဲ အိမ်ဖြူတော် အရှေ့ဘက်ခြမ်းကို ဖြိုချခဲ့တာဖြစ်ပြီး ဒေါ်လာ သန်း ၄၀၀ တန် ကပွဲခန်းမ ဆောက်လုပ်ဖို့ စီစဉ်ခဲ့တာပါ။
အမေရိကန် ခရိုင်တရားသူကြီး ရစ်ချက်လီယွန်က National Trust အဖွဲ့ရဲ့ တရားစွဲမှုအရ ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆုံးဖြတ်ချက်ချတဲ့ တရားသူကြီး လီယွန်ဟာ ရီပတ်ဘလစ်ကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် လက်ထက်ကတည်းက ခန့်အပ်ခံထားရတဲ့ တရားသူကြီး ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် တရားစွဲထားတဲ့ ကာလတလျှောက် ကပွဲခန်းမဆောက်လုပ်မဲ့ စီမံကိန်းကို ရပ်ဆိုင်းထားရမှာပဲ ဖြစ်ပါတယ်။
“ဘာဖြစ်မလဲဆိုတော့ ကပွဲခန်းမဆောက်လုပ်မှုဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မရမချင်း ဆောက်လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားရမှာပါ” လို့ လီယွန်က အမိန့်စာထဲမှာ ရေးသားထားပါတယ်။
ထရမ့်ပ်အစိုးရအဖွဲ့ကလည်း အယူခံဝင်ဖို့ ၁၄ ရက် အချိန်ရပါတယ်လို့ တရားသူကြီးက ပြောပါတယ်။
ထရမ့်ပ်က National Trust အဖွဲ့ဟာ လက်ဝဲရိမ်း အရူးတွေဖြစ်ကြောင်း၊ သူ့ရဲ့ ကပွဲခန်းမက သတ်မှတ်ဘတ်ဂျက်ထက် နည်းကြောင်း၊ အချိန်စောပြီးလည်း ပြီးစီးနေကြောင်း၊ အခွန်ထမ်းတွေရဲ့ ငွေနဲ့ ဆောက်လုပ်တာမဟုတ်ကြောင်းနဲ့ ကမ္ဘာပေါ်မှာ ဒီလို အကောင်းဆုံးဖြစ်တဲ့ အဆောက်အအုံမျိုး ဘယ်မှာမှမရှိကြောင်း သူ့ရဲ့ Truth Social မီဒီယာမှာ ပြောပါတယ်။
National Trust အဖွဲ့ဟာ ဒီဇင်ဘာလက ထရမ့်ပ်နဲ့ ဖက်ဒရယ်အေဂျင်စီတွေကို တရားစွဲခဲ့တာပဲ ဖြစ်ပါတယ်။
အိမ်ဖြူတော် အရှေ့ဘက်ခြင်းဟာ ၁၉၀၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး နှစ် ၄၀ ကြာပြီးနောက် သမ္မတ ဖရန့်ကလင် ရုစဘဲ့က တိုးချဲ့တည်ဆောက်ခဲ့တာဖြစ်ကာ ထရမ့်ပ်က ကပွဲခန်းမဆောက်ဖို့ ဖြိုချခဲ့တာပဲ ဖြစ်ပါတယ်။
သမိုင်းဝင် အဆောက်အအုံတွေ ဒါမှမဟုတ် အဆောက်အအုံသစ်တွေ ဆောက်လုပ်တာက သမ္မတနဲ့ အိမ်ဖြူတော်ကို ထိန်းသိမ်းတဲ့အဖွဲ့က ဆုံးဖြတ်ခွင့်မရှိကြောင်းနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို မယူဘဲ လုပ်လို့မရကြောင်း National Trust အဖွဲ့က ဆိုထားပါတယ်။
National Trust အဖွဲ့ဟာ ကနေဒီစင်တာကို ပြန်လည်ပြုပြင်မှုနဲ့ ပတ်သက်လို့လည်း တရားစွဲထားတာ ရှိပါတယ်။
Source: Reuters











